ရန်ကုန်မြို့ရဲ့အိမ်၊ခြံမြေ တိုက်ခန်းတွေမှာ အိမ်အငှားချထားတဲ့ အိမ်ရာတွေ ဒုနဲ့ဒေး ရှိပါတယ်။ အိမ်ခြံမြေဈေးကွက်မှာ တိုက်ခန်းတွေ၊ ခြံနဲ့အိမ်တွေကို  ကိုယ်တိုင်နေထိုင်ဖို့ထက် အငှားချကာ စီးပွားရေးလုပ်ဖို့ ဝယ်ယူကြတာတွေလည်း များပါတယ်။ အဲဒါတွေဟာ တခါတလေမှာ အိမ်ခြံမြေ အရောင်းအဝယ်တွေ ပြုလုပ်တဲ့အခါ အရှုပ်အရှင်းဖြစ်လာမယ့် အရာတွေ ဖြစ်လာပါတယ်။ 

ရောင်းသူဘက်က အိမ်ငှားကို မနှင်ထားဘဲ ဝယ်သူကိုရောင်းချလိုက်ရင် ဘယ်လိုအရှုပ်အရှင်းတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗဟုသုတရဖွယ်ဖော်ပြလိုက်ပါတယ်။ 

ရန်ကုန်မှာ အိမ်အရောင်းအဝယ်နဲ့ ပတ်သက်ပြီး ဒီလိုဖြစ်ရပ်တွေ အဖြစ်များပါတယ်။ အိမ်ကိုဝယ်သူက ဝယ်တော့မယ်၊ အိမ်ငှားကလည်း စာချုပ်မပြည့်သေးလို့ ဆက်နေခွင့်ရှိနေတယ် ဆိုတဲ့ အဖြစ်မျိုးတွေပါ။

နောက်ပြီး တချို့ဖြစ်ရပ်တွေမှာ အိမ်ငှားတွေက အိမ်ငှားသက်တမ်း ကုန်ပေမယ့် ဆင်းမပေးဘဲ ဆက်လက် နေထိုင်တာကြောင့် အိမ်ရှင်က တရားစွဲဆိုရတဲ့ အခြေအနေမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရင် အဆိုပါ အိမ်ငှားတွေနဲ့ အိမ်မြေ၊ တိုက်ခန်းကို ဝယ်ယူလိုက်သူတို့အကြား အိမ်ရှင် အိမ်ငှားသီးခြား စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ 

၁၉၆ဝ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂ (ဂ) အရ အိမ်ရှင်ဆိုတာဟာ မိမိအတွက် ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ သူတစ်ပါးရဲ့ ကိုယ်စားဖြစ်စေ၊ ဥပစာ တစ်ခုခုနဲ့ စပ်လျဉ်းပြီး ငှားရမ်းခ ရထိုက်ခွင့်ရှိသူကို ဆိုလိုတယ်လို့ ဖော်ပြထားပါတယ်။ အက်ဥပဒေ ပုဒ်မ ၂ (ဆ)မှာလည်း အိမ်ငှားဆိုတာဟာ ဥပစာအတွက် မိမိကိုယ်တိုင် ဖြစ်စေ၊ အခြားသူမှ တစ်ဆင့်ဖြစ်စေ ငှားရမ်းခပေးရမယ့် သူတစ်ဦးတစ်ယောက်ကို ဆိုလိုတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အဆောက်အဦး ဝယ်စဉ်က ပါရှိလာတဲ့ မူလ အိမ်ငှားကို မိမိနဲ့ အိမ်ရှင် အိမ်ငှား ဆက်စပ်မှုရှိစေဖို့ အိမ်ရှင် အိမ်ငှား စာချုပ်ထပ်မံချုပ်ဆိုပြီး ငှားရမ်းခများ ရယူထားရမည်ဖြစ်ပါတယ်။ ဒါမှသာ အိမ်ရှင်အိမ်ငှား ဆက်စပ်မှုရှိလာမှာဖြစ်ပါတယ်။



ဒီလိုမဟုတ်ဘဲ နှစ်ချုပ်ငှားရမ်းတဲ့ ကိစ္စရပ်တွေမှာ အဆောက်အအုံ ရောင်းချသူ မူလအိမ်ရှင်နဲ့ ငှားရမ်းသက်တမ်း ကုန်ဆုံးပြီး အိမ်ငှားက ဆက်လက်နေထိုင်နေရင် ဝယ်ယူသူ ပိုင်ရှင်နဲ့ အိမ်ရှင်အိမ်ငှား ဆက်စပ်မှုမရှိဘဲ အိမ်ငှားဟာ အဆောက်အအုံမှာ ကျူးကျော်နေထိုင်သူ အဖြစ်ရောက်ရှိ သွားနိုင်ပါတယ်။ 

ဝယ်သူဘက်ကလည်း အိမ်ငှားရှိတဲ့ အိမ်နဲ့ မြေကို ဝယ်ယူရင် တရားဝင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ပြုလုပ်ချုပ် ဆိုထားသင့်ပြီး ဒီလိုမှမဟုတ်ရင် ဝယ်သူက အိမ်ငှားအပေါ် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ဖော်ပြရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

စာဖတ်သူအားလုံး အရှုပ်အရှင်းကင်းတဲ့အိမ်ကောင်းယာကောင်းတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProeprty.com)