ဘယ်သူမဆို မြေကွက်လေး ဝယ်ပြီးရင် အိမ်ဆောက်ဖို့ပဲ ရည်ရွယ်ကြတာ များပါတယ်။ ဒါပေမယ့် ကိုယ်ဆောက်မယ့် အိမ်အမြင့်ပေ၊ အကျယ်အဝန်းတွေနဲ့ ပတ်သတ်ပြီး ဘေးအိမ်တွေက သူတို့မြေကွက်တွေနဲ့ မလွတ်ကင်းလို့ အဆောက်အဦး ဆောက်လုပ်ဖို့ လက်မခံကြောင်း ကန့်ကွက်ကြရင်ရော။ 

ဒီလိုရော ကန့်ကွတ်ပိုင်ခွင့် ရှိသလားဆိုတာ ဒီဆောင်းပါးလေးမှာ ဗဟုသုတအဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာနည်းဥပဒေ-၆အရတော့ ကော်မတီ ဟာ အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားလာရင်၊ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်တယ် ဆိုရုံနဲ့ သုံးထပ် ထက်မပိုတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခွင့်ပြုနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အဆောက်အအုံဆောက်လုပ်ခွင့်တင်ရာမှာ ဌာနက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံ၊ လျှောက်ထားသူရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မြေပိုင်ဆိုင်မှု မူရင်းအထောက်အထား၊ မှတ်ပုံ တင်စာချုပ်စာတမ်း၊ သက်ဆိုင်ရာမြေစာရင်း ဌာနမှ ထုတ်ပေးတဲ့ မြေပုံ/မြေရာဇဝင်မူရင်း၊ ဘေးမြေကွက်တွေရဲ့ ကန့်ကွက်ချက်မရှိကြောင်း ထောက်ခံချက်နဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့ လိုအပ်ပါတယ်။ ဒါကတော့ ၃ ထပ်ထိ ဆောက်မယ့် အဆောက်အဦးတွေ အတွက်ပါ။



 ၄ ထပ်နဲ့ အထက် အဆောက်အဦး ဆောက်မယ်ဆိုရင်တော့ မြေခံနိုင်အား စမ်းသပ်မှု ပြုလုပ်ဖို့ပါ လိုအပ်ပြီး ကန့်ကွက်ချက်တွေ ရှိနေရင်လည်း တည်ဆဲအဆောက်အအုံဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်ရင်  ကော်မတီက အဆောက်အအုံ ဆောက်လုပ်ခြင်းကို ခွင့်ပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် လျှောက်ထားသူဟာ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ရရှိပြီးနေ့မှစ  (၁)နှစ်အတွင်း အဆောက်အအုံ စတင်ဆောက်လုပ်ခြင်းမရှိရင်တော့ ဆောက်လုပ်ခွင့်ပါမစ် ပြန်လည်သိမ်းယူ ခြင်း ခံရနိုင်ပါတယ်။ 

နောက်ပြီး အဆောက်အအုံဆောက်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အစိတ်အပိုင်းတစ်ခုခုမှာ ထိခိုက် နစ်နာဆုံးရှုံးမှု ပေါ်ပေါက်လာလို့ ကန့်ကွက်သူရှိလာခဲ့ရင်လည်း ကော်မတီက အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ဖြေရှင်း ဆောင်ရွက်ပေးရပါတယ်။ ပြေလည်မှုမရှိခဲ့ရင်တော့ အဆောက်အအုံဆောက်လုပ်ခြင်းကို ရပ်ဆိုင်းပြီး တရားရုံးကို ဆက်သွားရမှာ ဖြစ်ပါတယ်။ ကော်မတီက ခွင့်ပြုချက်အတိုင်း ဆောက်လုပ်တဲ့ အဆောက်အအုံတွေကို နောက်ပိုင်းမှာ အဆောက်အအုံဆိုင်ရာနည်းဥပဒေ-၂၂ အရ အဆောက်အအုံပြီးစီးကြောင်း လူနေထိုင်ခွင့် (BCC) ထုတ်ပေးပါတယ်။ 

ဒါဆိုရင် ကိုယ်ဆောက်တဲ့ အဆောက်အဦးဟာ ဘေးအိမ်တွေ၊ ခြံတွေကို ထိခိုက်နစ်နာမှု ရှိမှသာ ကန့်ကွတ်ခံရနိုင်ပြီး ဒီလိုမဟုတ်ရင်တော့ ကော်မတီရဲ့ခွင့်ပြုချက်နဲ့ ဆောက်လုပ်လို့ ရနိုင်တယ်ဆိုတဲ့အကြောင်းရှင်းလင်းလောက်ပြီလို့ ထင်ပါတယ်ခင်ဗျာ။

"အထက်ပါ ဥပဒေအကြောင်းအရာများကို ဥပဒေရေးရာနှင့်အိမ်ခြံမြေဆိုင်ရာ facebook page များမှ ကိုးကားဖော်ပြခြင်း ဖြစ်ပါသည်"

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)