ခြံတစ်ကွက်နဲ့ အိမ်တစ်လုံးဟာ မိသားစုရဲ့ ရည်မှန်းချက် တစ်ခု ဖြစ်နိုင်ပါတယ်။ ခြံထဲမှာ အသီးအနှံတွေ၊ ပန်းပင်တွေ စိုက်မယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမယ် ဆိုတဲ့ စိတ်ကူးဟာ နွေးထွေးလှပါတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု သေချာမှသာ နောင်ရေးအတွက် စိတ်အေးရမှာပါ။ 
ဒီဆောင်းပါးလေးမှာတော့ အိမ်နဲ့ခြံ တစ်ပါတည်း ဝယ်တဲ့အခါတွေမှာ သေချာမှု ရှိစေဖို့နဲ့ တရားဝင်ဝယ်ယူခြင်းမြောက်အောင် ဘယ်အဆင့်တွေ လုပ်ဆောင်ရမယ် ဆိုတာကို ဗဟုသုတရစေဖို့ ဖော်ပြလိုက်ပါတယ်။

အိမ်နဲ့ခြံ တစ်ခါတည်း ဝယ်တာနဲ့ လုပ်ရမယ့် အဆင့် ၅ ဆင့် ရှိပါတယ်။ 

(၁) စာချုပ်ချုပ်ဆိုခြင်း
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရခြင်း
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူ လက်မှတ်ထိုးခြင်း
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးခြင်း
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ခြင်း ဆိုတဲ့ အဆင့် ၅ ဆင့်ကို ဖြတ်ကျော်ရပါတယ်။ ဒါမှသာ တရားဝင်၊ ဥပဒေနဲ့အညီ ဝယ်ယူခြင်း ဖြစ်ပါတယ်။ 

ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူပြီးရင် အဲဒီစာချုပ်နဲ့ သက်ဆိုင်ရာ မြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့ မြေအမျိုးအစားအလျောက် အမည်ပြောင်းနဲ့ ဂရန်အမည်ပေါက် ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင် ပိုင်ဆိုင်ခွင့်ရရှိတာကြောင့် ကိုယ်ဝယ်ယူထားတဲ့ အိမ်မြေက အလွယ်တကူ နှင်လို့မရသလို သူများကျူးကျော်ဝင်ရောက်လို့လည်း မရပါဘူး။ ကိုယ်ကွယ်လွန်ခဲ့တဲ့အခါမှာလည်း အမွေခံတွေက ဆက်ခံလို့ရပြီး အခြားမသက်ဆိုင်သူတွေက ကြားဝင်သိမ်းလိုက်တာမျိုး လုပ်လို့မရပါဘူး။ 



အရပ်ကတိစာချုပ်နဲ့ ဝယ်ယူခြင်းကတော့ စာချုပ် မှတ်ပုံတင်ထာခြင်း မရှိသလို တံဆိပ်ခေါင်းခွန်နဲ့ စာချုပ် မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် မထားတာကြောင့် မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရသလို မိမိအမည်ပေါက်လည်း မရနိုင်ပါဘူး။ ဒါကြောင့် ဂရန်မရနိုင်ပါဘူး။ အဲဒီအခါ ပိုင်ရေးဆိုင်ခွင့်ကို အကြောင်းပြုပြီးတော့ အိမ်မြေပေါ်ကျူးကျော်သူကို နင်ထုတ်လို့မရသလို ကိုယ်ကအခြားသူကို တရားဝင်ပြန်လည် ရောင်းချလို့မရပါဘူး။ ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ပါဘူး။ ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော် တင်ပြပြီး ဒိုင်းအဖြစ် ခုခံကာကွယ်နိုင်တယ်။

အိမ်ခြံမြေ ကိစ္စမှာ "မိအေးနှစ်ခါနာ" မဖြစ်ရအောင် ပိုင်ဆိုင်မှု သေချာတဲ့ ဥပဒေနဲ့ ဝယ်ယူခြင်းသာ လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါတယ်။ 

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)