ပိုင်ဆိုင်မှု အခိုင်မာဆုံးလို့ ဆိုရမယ့် ဂရမ်မြေကို ဝယ်ဖို့ ဆုံးဖြတ်ထားပြီဆိုရင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမယ့် အဆင့်တွေကိုလည်း သိထားဖို့ လိုပါတယ်။ 

ဘာအဆင့်တွေရှိမလဲ ဆိုတာကိုတော့ အရှင်းလင်းဆုံး ပုံစံနဲ့ ရေးသားဖော်ပြပေးထားလို့ အောက်မှာ ဆက်ကြည့်လိုက်ရအောင် - 

အဆင့် ၁။ မြေပုံရာဇဝင်ကူးခြင်း 

ဂရန်အမည်ပေါက်သူ( ရောင်းသူ ) က မြို့တော်ခန်းမမှာ ဝယ်သူအတွက် မြေပုံမြေရာဇဝင် ကူးပေးရပါတယ်။ 

အဆင့် ၂။ အရပ်ကတိ စာချုပ် ချုပ်ဆိုခြင်း

မြေပုံမြေရာဇဝင်ရတာနဲ့ အရောင်းအဝယ် အရပ်ကတိ စာချုပ် ချုပ်ဆိုပါတယ်။

အဆင့် ၃။ အခွန်တင်ပြခြင်း 

အရပ်ကတိ စာချုပ်ချုပ်ပြီးရင် အရောင်းအဝယ် ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက် ဓာတ်ပုံ နှစ်ပုံ၊ ဘေးဘက် ဓာတ်ပုံ နှစ်ပုံစီ၊  စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံဆိပ်ခေါင်းကပ်ဖို့ တင်ပြ လျှောက်ထားရပါတယ်။

အဆင့် ၄။ ကာလတန်ဖိုးသတ်မှတ်ခြင်း 

သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားတဲ့ မြေကွက်ကို ကွင်းဆင်းစစ်ဆေးပြီး အိမ်နဲ့မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

အဆင့် ၅။ အခွန်ငွေ ထမ်းဆောင်ခြင်း 

အိမ်နဲ့မြေ ကာလတန်ဖိုး သတ်မှတ်တဲ့ တန်ဖိုးငွေ အလိုက် ဝယ်သူဘက်က ဝင်ငွေရလမ်း မဖော်ပြနိုင်ရင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်ပေမယ့် ဝယ်ငွေတန်ဖိုးထက် နည်းနေရင်ဖြစ်စေ အဲဒီ ငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုးသတ်မှတ် အခွန်ငွေ ထမ်းဆောင်ရပါတယ်။

အဲဒီသတ်မှတ်ပေးထားတဲ့ အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ 

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်းကို တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။ အဲဒီနောက် တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။



အဆင့် ၆ ။ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခြင်း 

ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ပြီးရင်တော့ ဝယ်သူနဲ့ သက်သေနှစ်ဦး၊ လက်မှတ်ရေး ထိုးရပါတယ်။  စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါတယ်။

အဆင့် ၇ ။ အရောင်းအဝယ်စာချုပ် ထုတ်ယူခြင်း 

မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သီတင်းသုံးပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။ 

ပြီးရင်တော့ လုပ်ရိုးလုပ်စဉ်အတိုင်း ဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းကြော်ငြာပြီး ကန့်ကွက်သူရှိ မရှိ သီတင်းတစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။ 

ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ယူထားတဲ့ မြေဂရန်မူရင်းကို သက်ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်။ 

ဒီအချက်တွေကို အိမ်ခြံမြေဆိုင်ရာ တရားဥပဒေ ရှေ့နေတွေရဲ့ ပြောကြားချက်တွေမှ ကောက်နုတ်ကာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ 

အဆင့်တွေများတယ်ဆိုပေမယ့် တစ်ခါပဲ အလုပ်ရှုပ်ရပြီး တစ်သက်တာ အေးချမ်းမယ့် မြေပိုင်ဆိုင်မှု ဖြစ်ပါတယ်။ 

Wirtten By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)