" ရုံးခွန်"
ရုံးခွန်အက်ဥပဒေပုဒ်မ ၇(၁၀)(က)အရ ရောင်းဝယ်ရန် သဘောတူသော တန်ဖိုးအပေါ် ရုံးခွန်ဇယား ၁ အမှတ်စဉ် ၁ နှုန်းအတိုင်း ထမ်းဆောင်ရမည်။
" သက်ဆိုင်သည့်ဥပဒေ"
ပဋိညာဉ်ဥပဒေ
" အင်္ဂါရပ်များ"
၁။တရားလိုနှင့် တရားပြိုင်ကြားတွင် ပြီးမြောက်သော ပဋိညာဉ်ရှိခြင်း၊
၂။ပဋိညာဉ်အတိုင်း ဆောင်ရွက်ရန် အဓိကနေ့ရက်များတွင် အသင့်ရှိသည့်အပြင် အာသီသလည်း ရှိခြင်း၊
၃။ပဋိညာဉ်အတိုင်း ဆောင်ရွက်နိုင်ခြင်း။

" အမှုသဘာဝ"

မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပဋိညာဉ်အတိုင်း သီးခြားဆောင် ရွက်ရန် စွဲဆိုမှုသက်သက်ဖြစ်ပါကမူ ဆိုလိုသည်မှာ အရောင်းပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေရန်နှင့် လွှဲပြောင်းစာချုပ် ချုပ်ဆိုရန်ဖြစ်လျှင် ထိုအမှုတွင် ပစ္စည်းပိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးရန်မဟုတ်ပေ။ ထိုအမှုများတွင် အငြင်းပွားသော တစ်ခုတည်းသော ပြဿနာမှာ ပဋိညာဉ်ပြုလုပ်ခြင်း ရှိမရှိနှင့် ရှိလျှင် သီးခြားဆောက်ရွက်ပေးသင့်သော အကြောင်းမရှိဖြစ်သည်။ ပဋိညာဉ်အတိုင်း ဆောင်ရွက်စေခြင်းမှာ တရားရုံးက မိမိသဘောအတိုင်း ခွင့်ပြုသည့်ကိစ္စဖြစ်သည်။ ဦးစိုးမြင့် နှင့် ဦးအောင်ကျော်မင်း ပါ-၂(၀၁/၁၆၇)။ အရောင်းအဝယ် ကိစ္စကို သီးခြားဆောင်ရွက် ပေးစေလိုမှုမှာ ပစ္စည်းရောင်းချရန် ပဋိညာဉ်အပေါ် အခြေခံ၍ စွဲဆိုခြင်းဖြစ်ပြီး လက်ရောက်ပေးအပ်စေလိုမှုမှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်အပေါ်အခြေခံ၍ စွဲဆိုခြင်းဖြစ်သည်။ ဦးဇော်ဖေ နှင့် ဒေါ်ခင်သန်း(၈၅/၂၉)။

" ရောင်းသူပျက်ကွက်၍ ဝယ်သူဆောင်ရွက်ခွင့်"

မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူရန် ပဋိညာဉ်ကို ပြုလုပ်သော ဝယ်သူက စရန်ငွေကို ပေးထားရာ ပဋိညာဉ်အတိုင်း အပြီးသတ်ဆောင်ရွက်ရန် အချိန်စေ့ရောက်သောအခါ ရောင်းသူသည် အပြီးသတ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဝယ်သူသည်အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
(၁) ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်းသည်ဟု မှတ်ယူ၍ စရန်ငွေ ရလိုကြောင်း စွဲဆိုနိုင်သည်။ သို့မဟုတ်
(၂) ပဋိညာဉ်ကို ဆက်လက်အတည်ဖြစ်သည်ဟု မှတ်ယူ၍ (က) ပဋိညာဉ်ချိုးဖောက်သည့်အတွက် နစ်နာကြေးရလိုမှု စွဲဆိုနိုင်သည်။ သို့မဟုတ် (ခ) ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် စွဲဆိုနိုင်သည်။ ဒေါ်နီ နှင့် ဒေါ်အေး (၀၁/၂၅၉)။




" ပဋိညာဉ်ပြုပြီး ၁၂နှစ် ၁၃နှစ်ကြာမှ တရားစွဲခြင်း"

အမှုမှ ဝယ်သူတို့သည် ရောင်းသူအား မြေနှင့် နေအိမ်တန်ဖိုးကို အပြေအကျေပေးပြီး ဖြစ်သည်။ ရောင်းချသည့်မြေနှင့် နေအိမ်ကိုလည်း လက်ရောက်ရယူပြီး ဖြစ်သည်။ ရောင်းချသည့်မြေနှင့် နေအိမ်ကိုလည်း လက်ရောက်ရယူပြီး ဖြစ်သည်။ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရန်သာ ကျန်တော့သည်။ ပဋိညာဉ်စာချုပ်တွင် မှတ်ပုံတင်ရမည့် နေ့ရက်ကို သတ်မှတ်ထားခြင်းမရှိပေ။ ဝယ်သူတို့ စွဲဆိုသော အမှုများမှာလည်း ကာ လစည်းကမ်းသတ်အတွင်း ကျရောက်သဖြင့် မောင်ရန် နှင့် မမယ်ဝိ (အေအိုင်အာ၊ ၁၉၃၄ခုနှစ်၊ ရန်ကုန် ၃၁၀)အမှုနှင့် ဖြစ်ရပ်ခြင်း တူသည်။ ကာလများစွာ ကြာမှ (ပဋိညာဉ်ပြုပြီး ၁၂နှစ် ၁၃နှစ်ကြာမှ)ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးရန် အရေးဆိုလာခြင်းဖြစ်၍ ဒီကရီရထိုက်ခွင့် မရှိကြောင်း တရားရုံးချုပ်က သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်မျှတမှုမရှိ။ ဒေါ်သိန်းစိန် နှင့် ဒေါ်အေးအေးကြည် ပါ-၃ (၉၈/၂၆၃ စုံညီ)။

" ပဋိညာဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း"

အရောင်းပဋိညာဉ်အရ ဆက်လက်ဆောင်ရွက်ရန် ဒီကရီကို အ တည်ပြုပေးရန်လျှောက်ထားမှုတွင် ယင်းဒီကရီကို အတည်ပြုကြောင်းနှင့် မည်သို့မည်ပုံ အတည်ပြုမည်ဖြစ်ကြောင်း ဦးစွာ အမိန့်ချမှတ်ရန် လိုသည်။ မည်သို့မည်ပုံ အတည်ပြုမည် ဆိုခြင်းသည် တရားရှုံး၏ အနေအထားနှင့် တရားနိုင်၏ သဘောဆန္ဒအပေါ် မူတည်၍ သတ်မှတ်ဆောင်ရွက်ရသည်။ တရားရှုံးက ရောင်းဖိုး ကျန်ငွေကို လက်ခံရယူရန်နှင့် ပဋိညာဉ်အတိုင်းအရောင်းစာချုပ် ချုပ်ဆိုပေးရန် ပျက်ကွက်လျှင် သို့မဟုတ် ငြင်းဆန်လျှင် တရားနိုင်ကတရားရှုံးအနေဖြင့် တရားရှုံးကိုယ်စား ရောင်းဖိုးကျန်ငွေကို လက်ခံရယူ၍ အရောင်းစာချုပ် ချုပ်ဆိုပေးရေးအတွက် အမိန့် ၂၁ နည်း ၃၄(၁) နှင့်အညီ စာချုပ်မူကြမ်းကို တရားရုံးသို့ တင်ပြနိုင်သည်။ ယင်းတင်ပြချက်အပေါ် မူတည်၍ ရောင်းဖိုးကျန်ငွေကို တရားရုံးသို့ ပေးသွင်းစေလျှက် အမိန့် ၂၁ နည်း ၃၄(၂)နှင့်အညီ စာချုပ်မူကြမ်းကို နို့တစ်စာနှင့်အတူ တရားရှုံးထံ ပေးပို့၍ ကန့်ကွက်ရန်ရှိက ကန့်ကွက်နိုင်ရန် အကြောင်းကြားရသည်။ တရားရှုံး၏ ကန့်ကွက်ချက်ရှိလျှင် ယင်းကန့် ကွက်ချက်များကို လက်ခံ၍ အမိန့် ၂၁နည်း ၃၄(၄)အရ တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း စာချုပ်မူကြမ်းကို သဘောတူသော သို့မဟုတ် ပြုပြင်ပြောင်းလဲသော အမိန့်ကို ချမှတ်နိုင်သည်။ ယင်းစာချုပ်ကို အမိန့် ၂၁၊ နည်း ၃၄(၄)အရ တရားရုံးက ခန့်အပ်သော ဝန်ထမ်းက တရားရှုံးကိုယ်စား တရားရုံးက ခန့်အပ်သော ဝန်ထမ်းက ချုပ်ဆိုပေးကြောင်း ပေါ်လွင်စေရန် နည်း ၃၄(၅)ပါ ပုံစံအတိုင်း ရေးသားရန်လိုသည်။ ဦးသာစိန် ပါ-၁၀ နှင့် ဒေါ်ဝိုင်း (၉၄/၁၁၃)။

ဖတ်ရှု့မှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အခန်းငှားခြင်း

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စ

အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်မည်ဆိုလျှင်

ပုံစံ ၁၀၅ ဆိုတာ

 
Credit By : အိမ်ခြံမြေဆိုင်ရာ ဗဟုသုတ
Posted By :Chan Myae (ShweProperty.com)