ယနေ့ခေတ်မှာ မြို့ပြနဲ့ ဝေးတဲ့ တောနယ်တွေမှာသာ နေထိုင်မှုစရိတ်၊ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေ သက်သာနိုင်ပေမယ့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာ ဆိုရင်တော့ အိမ်ခြံမြေ၊ တိုက်ခန်း ဈေးနှုန်းတွေ အလွန်မြင့်တက်နေလျက် ရှိပါတယ်။ 

ဒီတော့ မြို့ပြနေ လူကြီးမင်းတို့အတွက် ကိုယ်အနှစ်နှစ်အလလက စုဆောင်းထားတဲ့ ငွေကြေးနဲ့ မြို့ပြမှာ အိမ်ခြံမြေဝယ်ဖို့ ရည်ရွယ်တဲ့အခါ တိုက်ခန်းပဲ ဝယ်မလား၊ ခြံပဲဝယ်မလား ဆိုတာနဲ့ ပတ်သတ်ပြီး ခေါင်းစားရလေ့ ရှိပါတယ်။ ဒါ့ကြောင့် လူကြီးမင်းတို့ကို တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ပါတယ်။ 

လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးပြကြီးတွေမှာ နေထိုင်သူတွေဟာ အခြားအိမ်ရာအဆောက်အအုံများထက် ၎င်းတို့ရဲ့ အလုပ်များတဲ့ လူနေထိုင်မှု ပုံစံနဲ့ ပိုမိုလိုက်ဖက်မှုရှိတဲ့ တိုက်ခန်းတွေမှာ များသောအားဖြင့် နေထိုင်ကြလေ့ ရှိပါတယ်။ တချို့ကလည်း ရုံးနီး၊ ကျောင်းနီး၊ ဈေးနီး ပတ်ဝန်းကျင်ရှိတဲ့ တိုက်ခန်းတွေမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်သူတွေ ရှိသလို အလုပ်လုပ်ရန်၊ သင်တန်းတက်ရန် စသဖြင့် နယ်မှလာတဲ့ နေထိုင်သူများဟာလည်း တိုက်ခန်းတွေမှာသာ အလွယ်တကူ ငှားရမ်းနေထိုင်ကြလေ့ ရှိပါတယ်။

တိုက်ခန်းနဲ့ ခြံဝန်းရဲ့ အားသာချက်၊ အားနည်းချက်များ

တိုက်ခန်းဟာ ရိုးရိုးနေအိမ်တစ်လုံးထက် အဆပေါင်းများစွာ ပိုကြီးတဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့်လည်း ခြံဝန်းနဲ့ နေအိမ်ကတော့ တစ်ဦးတည်း ထီးထီး ရပ်တည်နိုင်တဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ တိုက်ခန်းနေထိုင်သူတွေဟာ ကားပါကင်နဲ့ အားကစားရုံများ စတဲ့ နေရာတွေအတွက် လူအများစုနဲ့ မျှဝေသုံးစွဲရပေမယ့် အိမ်ကတော့ ကိုယ့်ခြံရဲ့ ကားပါကင်ဟာ ကိုယ်တစ်ဦးတည်း အပိုင်သာ ဖြစ်ပါတယ်။ 



ခြံဝန်းနဲ့အိမ်ဟာ အခြေခံဖွဲ့စည်းပုံ၊ ဗိသုကာပညာမှအစ ဒီဇိုင်း၊ အရောင်အသွေး အထိ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်ဆောက်လုပ်နိုင်ပေမယ့် တိုက်ခန်းကတော့ ကြိုတင်ဆောက်လုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အဆောက်အဦးပုံစံကို စိတ်တိုင်းကျ ဖန်တီးယူလို့ မရပါဘူး။ ဒါပေမယ့်  နံရံဒီဇိုင်း၊ အရောင်အသွေးအပြင်အဆင်တွေနဲ့ အခန်းတွင်းပိုင်း decoration ကိုတော့ စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။ 

ခြံဟာ မိသားစုအတွက် နေရာလုံလုံလောက်လောက် ရစေပါတယ်။ ခြံကျယ်ရင် ကျယ်သလောက် အခြားအခန်းတွဲတွေ ထပ်ဆောက်နိုင်တဲ့အပြင် ဝါသနာပါသလို သီးပင်၊ စားပင်လေးတွေလည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ဒါဟာ လူအများစု တိုက်ခန်းထက် ခြံကိုဝယ်ယူဖို့ ရွေးချယ်ကြတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ 

လုံခြုံမှုမှာဆိုရင် တိုက်ခန်း၊ ကွန်ဒိုပိုင်ရှင် အများစုဟာ ဘုံဧရိယာများကို ထိန်းသိမ်းဖို့အတွက် စိတ်ပူစရာ သိပ်မလိုပါဘူး။ ခြံဝန်းနဲ့ နေထိုင်သူတွေကတော့ ကိုယ့်အိမ်လုံခြုံရေးအတွက် ကိုယ်တိုင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ 

အိမ်ဟာ ကိုယ်ထူကိုယ်ထ ပြင်ဆင်ဆောက်လုပ်ရတာကြောင့် အသေးအဖွဲကအစ ငွေကြေးကုန်ကျမှု များနိုင်ပေမယ့် ပြင်ဆင်ပြီး အသင့်နေ တိုက်ခန်း၊ ကွန်ဒိုများမှာ ဆိုရင်တော့ သန့်ရှင်းရေးမှစ ဆေးရောင်ခြယ်ခြင်း၊ အိမ်ပြုပြင်ခြင်းများကို ရောင်းသူဘက်မှ ဆောင်ရွက်ပေးပြီးသား ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။ 

တိုက်ခန်းရော၊ ခြံဝန်းရော အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ ဒီအခြေခံခြားနားချက်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်လိုနေထိုင်မှုပုံစံဟာ ကိုယ်နဲ့ ရေရှည် အဆင်ပြေနိုင်မလဲ ဆိုတာကို ရွေးချယ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

မြေနိမိတ်အကြောင်း သိကောင်းစရာ

သိထားသင့်တဲ့ အိမ်ရှင်၊ အိမ်ငှားပြဿနာများ

Posted By : Ra Wai (ShweProperty.com)