"ကိုယ်ထူကိုယ်ထ ကိုယ်ပိုင်ရုံးခန်းလေး စဖွင့်မယ် ဒါပေမယ့် ရုံးနေရာ အဆောက်အဦးတွေကို ငှားရမ်းဖို့ ဘတ်ဂျက်မလုံလောက်သေးဘူး" ဒါမှမဟုတ် "အိမ်မှာလည်း အခန်းနေရာကျယ်လေး ရှိနေလို့ အိမ်မှာပဲ ရုံးခန်းဖွင့်လိုက်တော့မယ်" လို့ ရည်ရွယ်ထားပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်နော်။ 
အိမ်မှာပဲ ရုံးခန်းဖွင့်လိုက်ခြင်းအားဖြင့် သင့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေအတွက် အချိန်ပိုရနိုင်ပါတယ်။ ရုံးခန်းထဲက ထွက်လိုက်တာနဲ့ ကိုယ့်အိမ်ကို ရောက်နေပြီဆိုတော့ ကြားထဲက ရုံးအသွားအပြန် အချိန်တွေကို လျှော့ချနိုင်ပြီး အဲဒီအချိန်တွေမှာ တခြားအရေးကြီးတဲ့ လုပ်ဆောင်စရာတွေ၊ မိသားစုအတွက် အချိန်ပေးတာတွေကို အလွယ်တကူ စီစဉ်နိုင်ပါတယ်။ ကိုယ့်ရဲ့ နေအိမ်မှာပဲဖြစ်စေ၊ တိုက်ခန်းမှာပဲဖြစ်စေ ရုံးခန်းလေးဖွင့်မယ်ဆိုရင် ဒီအချက်လေးတွေကို မမေ့နဲ့နော်။ 

( ၁ ) အလင်းရောင် ကောင်းကောင်းရပါစေ

လုပ်ငန်းတိုးတက်ရေးအတွက် စိတ်ကူးအကြံဉာဏ်တွေ ကွန့်မြူးနေရမယ့် ရုံးခန်းဟာ ပြတင်းပေါက်မရှိ ပိတ်လှောင်နေမယ်၊ အလင်းရောင်ကောင်းကောင်းမရဘဲ မီးဖွင့်ဖို့ မဖြစ်မနေ လိုအပ်နေမယ် ဆိုရင် အလုပ်အတွက် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ စိတ်တွေမွန်းကြပ်လာတိုင်း ကောင်းကင်ပြာပြာကြီးကို ကြည့်နိုင်ဖို့၊ လတ်ဆတ်တဲ့ လေထုကို ရှုရှိုက်နိုင်ဖို့၊ သစ်ပင်စိမ်းစိမ်းလေးတွေ မြင်ရစေဖို့ လေဝင်လေထွက်ကောင်းတဲ့ ပြတင်းပေါက်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ 

( ၂ ) တိတ်ဆိတ်ငြိမ်သက်တဲ့ ရပ်ဝန်းလေးအဖြစ် ဖန်တီးပါ

အိမ်မှာ ရုံးခန်းဖွင့်တာဖြစ်လို့ မိသားစုဝင်တွေရဲ့ ဟင်းချက်သံ၊ စကားပြောသံ၊ ဆူပူသံ၊ သီချင်းဖွင့်သံ စသဖြင့် ကြားရနိုင်ပါတယ်။ ဒါဟာ မိမိကိုယ်တိုင်အတွက်ရော၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရုံးခန်းလေးကို အသံလုံအောင် စနစ်တကျ ပြင်ဆင်ထားသင့်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ လုပ်ငန်းခွင်ဟာ အာရုံစူးစိုက်မှု ပိုကောင်းစေပြီး လုပ်ငန်းတာဝန်တွေကို ပိုမြန်မြန်ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ 



( ၃ ) အနံ့အသက် ကောင်းမွန်နေပါစေ

ဟင်းချက်တဲ့အခါ ထွက်လာတဲ့ အညှော်နံတွေဟာ လုပ်ငန်းခွင်ကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အာရုံစူးစိုက်ရတဲ့ အလုပ်တွေမှာ အညှော်နံဟာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် အနံ့အသက်ကောင်းစေဖို့ လေသန့်စက် တပ်ဆင်ထားခြင်း၊ ပန်ကာလုံလုံလောက်လောက် ထားပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ 

(၄) ရုံးခန်းအပြင်အဆင်

ရုံးခန်းအပြင်အဆင်ဟာ အလုပ်လုပ်ချင်စိတ်ကို နိုးဆွပေးပါတယ်။ တကယ်လို့ ရုံးခန်းဟာ ပင့်ကူအိမ်တွေရှိနေမယ်၊ နံရံဆေးရောင်ကလည်း မွဲခြောက်နေမယ်ဆိုရင် တက်တက်ကြွကြွနဲ့ အလုပ်လုပ်ချင်စိတ်ကို ပျောက်ဆုံးစေနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းအပြင်အဆင်ကို နံရံဆေးအရောင်ကအစ သေချာဂရုစိုက်ရွေးချယ်သင့်ပြီး ခံစားချက်ကောင်းတွေ နှိုးဆွပေးနိုင်မယ့် ရုံးခန်းဝန်းကျင်လေးကို ဖန်တီးသင့်ပါတယ်နော်။
အိမ်တွင်းရုံးလေးတွေရဲ့ အားနည်းချက်ကတော့ နေရာကျဉ်းတာကြောင့် ရုံးထိုင်ဝန်ထမ်းများများ ခန့်ထားလို့ မရနိုင်တာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းလေး အတိုင်းအတာ တစ်ခုထိ အောင်မြင်လာပြီဆိုရင် နေအိမ်ကနေခွဲထွက်ပြီး သီးသန့်ရုံးခန်းလေးဖွင့်လှစ်ဖို့ အကြံပြုလိုက်ပါတယ်နော်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဗေဒင်ကိန်းခန်းနည်းအရ အိမ်အသစ်ကို သန့်ချင်ရင် ဒီလိုဆောင်ရွက်ပါ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

မိုးရာသီမှာ အိမ်ခန်းအတွင်း စွတ်စိုမှုကင်း သန့်ရှင်းစေဖို့

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

Posted By : Ra Wai (ShweProperty.com)