ဈေးသုံးကိုလည်း မလွယ်နှင့်၊ ရှေးထုံးကိုလည်း မပယ်နှင့် ဆိုတဲ့ ဆိုရိုးလိုပဲ မြန်မာလူမျိုးများဟာ ရှေးဓလေ့ထုံးတမ်းတွေကို ယုံကြည်စွာ ယနေ့ခေတ်ထိတိုင် စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးကြလေ့ ရှိပါတယ်။ ဥပမာ -  အိမ်တစ်အိမ်မှာ ပျားစွဲတယ်ဆိုရင် အိမ်ရှိပျားစွဲရာနေရာ၊ ပျားလာရာ အရပ်ကို ကြည့်ပြီး ကံကောင်မလား၊ ကံဆိုးမလားဆိုတာကို ရှေးလူကြီးသူမတွေက သတ်မှတ်ကာ ကံကောင်းစေတဲ့ အဆောင်ယတြာများ ဖန်တီးလေ့ ရှိကြပါတယ်။ ဒီတစ်ခါတော့ လူတိုင်းလူတိုင်း အလွယ်တကူ သတိမထားမိတတ်ကြတဲ့ အိမ်နိမိတ်တွေ အကြောင်းကို စာဖတ်ပုရိတ်သတ်တို့အတွက် ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့

အထူးသဖြင့် မိုးတွင်းကာလတွေမှာ အပြင်ကပြန်လာရင် ထီးရေစိုလာတာကြောင့် အိမ်ထဲမှာပဲ အလွယ်ဖွင့်လှန်းထားတတ်ကြပါတယ်။ မြန်မာအယူမှာတော့ အိမ်ထဲမှာ ထီးလှန်းခြင်းဟာ အိမ်စောင့်နတ်ကို ဒေါသထွက်စေတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ထီးလှန်းမယ်ဆိုရင် အိမ်ရှေ့ဝရံတာ၊ နောက်ဖေးဝရံတာမှာ လှန်းသင့်ပါတယ်နော်။ 

(၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့

အိမ်မှာချိတ်ထားတဲ့ နာရီကွဲနေမယ်၊ ပျက်စီးနေမယ်၊ အက်ကြောင်းရာ ထင်နေမယ်ဆိုရင် ဆက်ချိတ်မထားသင့်တော့ဘဲ ပစ်လိုက်သင့်ပါတယ်နော်။ ရှေးအယူမှာတော့ ပျက်စီးနေတဲ့ နာရီရုတ်တရက် မြည်ခဲ့ရင် မိသားစုဝင် တစ်ဦးဦး သေဆုံးမယ့် နိမိတ်ပါတဲ့။ 

(၃) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့

အိမ်ထဲက အလှပန်းအိုးလေးမှာ နှင်းဆီပန်းလေးတွေ ထိုးထားခြင်းဟာ လှပကျတ်သရေ ရှိနိုင်ပေမယ့် နှင်းဆီပင်လို ဆူးပါတဲ့ အပင်တွေကိုတော့ အိမ်ထဲမှာ မစိုက်ထားသင့်ပါဘူးနော်။ ရှေးအယူမှာတော့ အလုပ်အကိုင် အဆင်မပြေဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆူးပါတဲ့ အပင်လေးတွေ စိုက်မယ်ဆိုရင် ခြံထဲနဲ့ အိမ်ဝရံတာတွေမှာ စိုက်နိုင်ပါတယ်နော်။ 



(၄) မနက်အိပ်ယာ မသိမ်းပဲမထားပါနဲ့

တခါတလေ အပျင်းထူပြီး ညဘက်အိပ်ထားတဲ့ အိပ်ရာမသိမ်းဘဲ ထားမိတတ်ကြတယ်မလား။ အဲ့ဒီလို အိပ်ယာမသိမ်းဘဲ ထားမယ်ဆိုရင် ညဘက် တော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်တယ်လို့ မြန်မာအယူမှာ ဖော်ပြထားပါတယ်။

(၅) တစ်အိမ်တည်း ဘုရားစင်နှစ်နေရာ ခွဲမထားပါနဲ့

အိမ်မှာ သားသမီး အိမ်ထောင်ကျသွားပေမယ့် အိမ်ခွဲမနေသေးဘဲ အိုးခွဲစားသောက်တဲ့အခါ ဘုရားစင် ၂ စင် တည်မိတာလည်း ရှိတတ်ပါတယ်။ တစ်အိမ်တည်းမှာ ဘုရားစင် နှစ်နေရာ ခွဲထားခြင်းဟာ သားသမီးတွေ ကံညံတတ်တယ်လို့ ရှေးလူကြီးတွေက ပြောစမှတ်ပြုကြပါတယ်။ 

(၆ ) ပိုးစုန်းကြူးလေးတွေကို ဖမ်းပြီး ဖန်ဗူးထဲ ထည့်၊ အိမ်ထဲထားတာမျိုး မလုပ်သင့်ပါ

ညဘက်ထွက်တတ်တဲ့ ပိုးစုန်းကြူးလေးတွေကို ချစ်စရာလေးတွေဆိုပြီး ဖမ်းပြီး ဖန်ဗူးထဲ အိမ်ထဲသိမ်းထားခြင်း မလုပ်သင့်ပါဘူး။ ပိုးစုန်းကြူးလေးတွေကို သတ်လိုက်သလို ဖြစ်စေတာကြောင့် သင့်ကိုကံဆိုးစေနိုင်ပါတယ်။

( ၇ )  ပန်းအိုးမှာ ပန်းခြောက်သွားပါက ချက်ချင်းလဲပါ

အိမ်ရဲ့ ဘုရားပန်းအိုးဖြစ်စေ၊ အလှပန်းအိုးဖြစ်စေ ပန်းလေးတွေ ညိုးရော်လာပြီဆိုရင် ချက်ခြင်း လဲလိုက်သင့်ပါတယ်။ ပန်းအညိုးတွေကို မလဲပစ်ဘဲ ထားထားခြင်းက မိသားစုတွေဆီ ကံဆိုးခြင်းတွေ ဖြစ်လာစေတယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ 

ကဲ...ချစ်မိတ်ဆွေတို့အားလုံး ဒီအချက်လေးတွေကို ရှောင်ကြဉ်ပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြောက်အရပ်လှည့်တဲ့ အိမ်တွေအတွက် အန္တရာယ်ကင်းစေမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

Posted By : Ra Wai (ShweProperty.com)