ဟိုးလွန်ခဲ့တဲ့နှစ်တွေဆီက ဂျက်လီနဲ့ အက်ရှင်ကားတွေ၊ Chris Tucker နဲ့ ဗရုတ်ကျခဲ့တဲ့ Rush Hours ဇာတ်ကားအတွဲလိုက်တွေနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာအပြည့်ယူခဲ့ဖူးတဲ့ ဂျက်ကီချန်းဟာ သူ့ ရုပ်ရှင်တွေထဲက လျို့ဝှက်ခန်းတွေ၊ အံဝှက်တွေနဲ့ အိမ်ကြီးတွေလိုမျိုး အပြင်လောကမှာလည်း သူနေထိုင်တဲ့အိမ်ကြီးကို သူများထက်တမူထူးခြားစွာ လျို့ဝှက်ခန်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားသူပါ။ 

ဒီနေ့တော့ Shwe Property ရဲ့ စာဖတ်သူတွေကို ဂျက်ကီချန်းရဲ့ လျို့ဝှက်အခန်းတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ဟောင်ကောင်က လျို့ဝှက်စံအိမ်ကြီးဆီအလည်ခေါ်သွားချင်ပါတယ်။ 

ဂျက်ကီချန်းရဲ့ လျို့ဝှက်စံအိမ်ကြီး



ဂျက်ကီချန်းဟာ စတုရန်းမီတာ ၁၈၆၀ အကျယ်အဝန်းရှိတဲ့ သုံးထပ်တိုက်ကြီးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး အဲဒီတိုက်ကြီးရဲ့ အိမ်တိုင်းအခန်းတိုင်းမှာ လျို့ဝှက်အခန်းတွေရှိနေတာက ထူးခြားချက်ပါပဲ။

ဂျက်ကီခန်းဟာ လင်းနို့လူသားရဲ့ လျို့ဝှက်ဂူလိုမျိုး တည်ဆောက်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့အင်တာဗျူးမှာလည်းဖြေခဲ့ဖူးပါတယ်။

ဂျက်ကီချန်းရဲ့စံအိမ်ကြီးဖွဲ့စည်းပုံ



ဂျက်ကီချန်းဟာ သူ့ရဲ့အိမ်ထဲမှာ အသုံးအဆောင်ပစ္စည်းတွေ၊ တန်ဖိုးကြီးရှားပါးပစ္စည်းတွေ စုဆောင်းဖွဲ့စည်းထားပြီး အိမ်ကြီးထဲမှာ ရုံးခန်း၊ အားကစားခန်းမ၊ ဝိုင်သိုလှောင်သိမ်းဆည်းခန်း၊ စားပွဲတင်တင်းနစ်စ်ခုံ ၊ဘတ်စကတ်ဘောကစားခန်း၊ ရေကူးကန်၊ ဘိလိယက်ခုံစသဖြင့် ပါဝင်တည်ဆောက်ထားပါတယ်။ 

ရေချိုးခန်းဟာဆိုရင်လည်း ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို အသုံးအဆောင်ပစ္စည်းတွေ၊ စာအုပ်တွေနဲ့ပြည့်နှက်နေပြီး ထူးခြားချက်ကတော့ ရေချိုးခန်းထဲက မှန်တံခါးတစ်ချပ်ကိုတွန်းလိုက်တာနဲ့ လျို့ဝှက်ခန်းသဖွယ် ဖွဲ့စည်းထားတဲ့ အဝတ်အစား၊ဦးထုပ်၊ အသုံးအဆောင်ပစ္စည်းတွေထားရှိရာ Wardrobe အခန်းကိုရောက်သွားတာပါပဲ။

လင်းနို့လူသားဇာတ်ကားထဲကလို နံရံကိုတွန်းလိုက်တာနဲ့ လျို့ဝှက်ခန်းတစ်ခုထွက်ပေါ်လာတာဖြစ်ပြီး အဝတ်အစားခန်းရဲ့ ဗီရိုတစ်ချပ်ကို ဆွဲဖွင့်လိုက်တဲ့အခါမှာ လျို့ဝှက်အခန်းသေးလေးတစ်ခန်း၊ အဲ့ဒီကနေမှ တစ်ဆင့် နောက်ထပ်တံခါးကိုဆွဲဖွင့်လိုက်ရင် သူ့ရဲ့အိပ်ခန်းကိုရောက်ရှိသွားအောင် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။



အိပ်ခန်းကိုတော့ တရုတ်လူမျိုးတွေရဲ့ ရိုးရာထုံးစံအတိုင်း ရိုးရှင်းစွာပဲဆင်ယင်ထားပြီး အိပ်ခန်းကနေတစ်ဆင့်တံခါးကိုဖွင့်လိုက်ရင်တော့ သူ့ရဲ့ရုံးခန်းဆီကို ပြန်လည်ရောက်ရှိသွားပါတယ်။ အိပ်ခန်းနဲ့အလုပ်ခန်းကို လျို့ဝှက်ခလုတ်နဲ့ ဆက်သွယ်ထားတာမို့ တော်တော်ကို လက်ဝင်အောင် ဒီဇိုင်းဆွဲဆောက်လုပ်ထားတယ် ဆိုရမှာပါ။

 ရုံးခန်းထဲမှာတော့ သူငွေကုန်ကြေးကျခံပြီးစုဆောင်းထားတဲ့ အနုပညာလက်ရာမြောက်ပစ္စည်းတွေရှိပြီး ကမ္ဘာတစ်ဝန်းလုံးအနှံ့က ဒီဇိုင်းအဆင်အရည်အသွေးမတူညီဆန်းပြားတဲ့ လက်ဖက်ရည်ပန်းကန်လုံးတွေလည်း ရာနဲ့ချီသိမ်းဆည်းထားကြောင်းသိရပါတယ်။

ဒါကတော့ ဂျက်ကီချန်းရဲ့ ရင်သပ်ရှု့မောစရာ လျို့ဝှက်ခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ လျို့ဝှက်စံအိမ်ကြီး အကြောင်းပြောပြပေးသွားတာ ဖြစ်ပါတယ်။ ဂျက်ကီချန်းဟာ နောက်ထပ်လည်း လျို့ဝှက်စံအိမ်တွေထပ်ပြီး တည်ဆောက်ဖို့စီစဉ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ဒီအိမ်အပြင် နောက်ထပ် လျို့ဝှက်ခန်းတွေနဲ့အိမ်မျိုးတွေတော့ ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

မင်းသမီးတစ်ပါးလို နေထိုင်နေတဲ့ JENNIE (BLACK PINK) ရဲ့ ကိုယ်ပိုင်အိမ်ကြီးအကြောင်း

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

ဘာကြီးလဲဟလို့ ရေရွတ်မိစေမယ့် ဆန်းဆန်းပြားပြား အိမ်များ

ကစားသမားဘဝမှအနားယူချိန်တွင် နေထိုင်ရန် ရည်ရွယ်တည်ဆောက်နေတဲ့ ရော်နယ်ဒိုရဲ့နေအိမ် တည်ဆောက်စရိတ် ပေါင် ၁၇ သန်းအထိကုန်ကျနေ

Posted By : Ra Wai (ShweProperty.com)