Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Home Move & Store

အိမ်အတွင်းမှ လေများကို သန့်ရှင်းပေးနိုင်တဲ့ indoor Plant များ

Updated 1st Aug 2020

Written by

Ra Wai, Shweproperty

ကိုယ့်ရဲ့ အိမ်ထဲမှာ၊ အိပ်ခန်းထဲမှာ indoor plant တွေစိုက်ပေးတာက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ စိတ်ဖိဆီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ အဲ့ဒီအပြင် indoor Plant လေးတွေက အိမ်အတွင်းလေထုညစ်ညမ်းတာတွေကို ဖယ်ရှားပေးပြီးအိမ်ထဲမှာရှိနေတဲ့ လေတွေကိုပါ သန့်ရှင်းအောင်ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းအောင် အိမ်ထဲက လေတွေနဲ့ ဓာတုကင်းစင်အောင် indoor plant လေးတွေကို စိုက်ပေးသင့်ပါတယ်။ အခုပြောပြသွားမှာကတော့ အိမ်ထဲမှာစိုက်သင့်တဲ့ အပင် (၁၀) မျိုးအကြောင်းကိုပြောပြပေးသွားမှာပါ။

 

၁။ နဂါးစက်ပင် (Snake plant )

နာမည်က နည်းနည်းတော့ ကြောက်စရာကောင်းရင် ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် Snake Plant ရဲ့နာမည်က ပါးလွှာတယ်၊ တမူထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ အရွက်တွေက အပေါ်ကို ထိုးထောင်နေပြီး မြွေအရေပြားပုံစံနဲ့ တူလို့ပေးထားတာပါ။ အဲ့ဒါအပြင် ကြည့်လိုကောင်းပြီး ဘယ်ပတ်ဝန်းကျင်မျိုးမှာမဆို ရှင်သန်နိုင်သလို အများကြီး ဂရုမစိုက်ပေးရင်တောင် ရှင်သန်နိုင်ပါတယ်။

 

Snake Plant ဟာ ဗင်ဇင်းဓာတ်ငွေ့နဲ့ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ အပြင် တခြားမကောင်းတဲ့ဓာတုဓာတ်ငွေနံ့တွေကိုစစ်ထုတ်ပေးပါတယ်။ ဒါကြောင့် Snake Plant ကို အိမ်မှာထားပေးရုံနဲ့ လေကောင်းလေသန့်ရရှိစေနိုင်ပါတယ်။

၂။ ရွှေလာငွေလာ (Pothos )

Pothos ဟာ သင့်အိမ်အတွင်းမှာ အလင်းရောင်နည်းပြီး ခြောက်သွေ့နေမယ်ဆိုရင်တောင် ရှင်သန်နိုင်ပါတယ်။ စစပိုင်းအပင်သေးသေးလေးပေမယ့် ၁၀ ပေ အထိအောင် ရှည်ထွက်လာနိုင်ပါတယ်။ လွယ်လွယ်ကူကူ ရှင်သန်နိုင်ပြီး ရေထဲမှာလည်း ရှင်သန်နိုင်ပါတယ်။ Pothos ဟာ Snake Plant လိုပါပဲ မကောင်းတဲ့ ဓါတုဓာတ်ငွေ့တွေဖြစ်တဲ့ ဗင်းဇင်း၊ ဖော်မယ်ဒီဟိုက် နဲ့ အီသိုင်းလင်း ဓာတ်ငွေ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

 

၃။ဇော်စိမ်း (Dracaena )

Dracaena ဟာ သေသေချာချာ ဂရုမစိုက်ပေးရင်တောင် ရှင်သန်နိုင်ပါတယ်။ တခြားအလင်းရောင်အောက်မှာလည်း ရှင်သန်နိုင်ပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရင် ပိုကောင်းပါတယ်။ Dracaena မျိုးစိတ်တွေထဲမှာ Dracaena Lisa ဟာအကြမ်းအခံနိုင်ဆုံးဖြစ်ပြီး အခန်းရဲ့ အပူချိန်နဲ့အညီ ရှင်သန်နိုင်ပါတယ်။ အခန်းရဲ့လေကို သန့်ရှင်းစေချင်တယ်ဆိုရင်တော့ Dracaena မျိုးစိတ်တွေထဲက တစ်ခုဖြစ်တဲ့ Dracaena Marginata ကို စိုက်ပျိုးသင့်ပါတယ်။ Dracaena Marginata ဟာလည်းပဲ ဓာတုဓာတ်ငွေ့တွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

 

၄။ ကျောက်စိမ်းဧကရီ (ZZ plant)

သင့်ရဲ့အခန်းဟာ အလင်းရောင် သိပ်မရတဲ့ အခန်းဖြစ်နေမယ်ဆိုရင် ထိန်းသိမ်းရလည်းနည်းပြီး အကြမ်းအရမ်းခံတဲ့ အပင်ကို စိုက်ဖို့ အကြံပေးချင်ပါတယ်။ ZZ plant ဟာ အားလူးနဲ့ ဆင်တဲ့ ပင်စည်လေးတွေပါရှိပါတယ်။ ၎င်းပင်စည်တွေထဲမှာ ရေကိုသိုလှောင်ထားပြီး ရှင်သန်ကြပါတယ်။ ZZ Plant ဟာချမ်းသာကြွယ်ဝမှုနဲ့ ခင်မင်ရင်နှီးမှုကို ကိုယ်စားပြုပေးတာကြောင့် ၎င်းအပင်ကိုစိုက်ပျိုးပေးခြင်းဟာ အိမ်ကို သာယာနွေးထွေးစေပါတယ်။

 

၅။ ပင့်ကူဂမုန်း (Spider plant)

Spider plant တွေက စိုက်ရတာလွယ်ကူပါတယ်။ အလင်းရောင်တော့ လိုအပ်ပေမယ့် နေရောင်ခြည်နဲ့ တိုက်ရိုက်မဟုတ်လည်း ရပါတယ်။ ပြတင်းပေါက်ဘေးမှာ ထားပေးထားရင် ရပါပြီ။ Spider Plant တွေက မျိုးပွားလွယ်ပြီး လေကို သန့်စင်စေပါတယ်။ ဖော်မယ်ဒီဟိုက် ဓာတုဓာတ်ငွေ့နဲ့ ဇိုင်လင်း ဓာတ်ငွေ့တွေကိုလည်း ဖယ်ရှားပေးပါတယ်။

 

၆။ ရာဘာပင် (Rubber Plant )

Rubber Plant ရှင်သန်ဖို့အတွက် နေရောင်လိုသလို ကြီးထွားပြီး လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ဖို့ နေရာနည်းနည်းတော့ ပေးရပါမယ်။ Rubber Plant တွေဟာ အိမ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖယ်ရှားပေးပါတယ်။

 

၇။ ဘုံနိမ့်ပင် (Bird’s Nest Fern)

Fern အပင်လေးဟာ လှိုင်းအတွန့်လေးတွေလိုဖြစ်ပြီး၊ အစိမ်းရောင်အပင်ဖြစ်ပါတယ်။ Fern အပင်ကို အိမ်မှာထားရှိခြင်းက အိမ်ကို သာယာနွေးထွေးစေပါတယ်။ ၎င်းအပင်ကို ချိတ်ဆွဲပြီး စိုက်ထားရင် ပိုကြည့်ကောင်းပါတယ်။ Fern အပင်ဟာ စိုထိုင်းစများတဲ့နေရာတွေကို ကြိုက်ပါတယ်။ သင့်ရဲ့ ရေချိုးခန်းထဲမှာလည်း ထည့်စိုက်ထားနိုင်ပါတယ်။ Fern အပင်ဟာ ဖော်မယ်ဒီဟိုက်နဲ့ ဇိုင်းလင်းဓာတ်ငွေ့တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် လက်သည်းဖျက်ဆေး၊ hairspray တို့ကထွက်တဲ့ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပါတယ်။

 

၈။ ရှင်သီဝလိဂမုန်း (Peace Lily)

အိမ်အတွင်းမှာ အပင်လေးတွေ ရှင်အောင်စိုက်နိုင်တဲ့ အတွေ့အကြုံရှိသွားပြီဆိုရင်တော့ Peace Lily ကို စိုက်ဖို့အကြံပေးချင်ပါတယ်။ Peace Lily မှာ ဝတ်မှုန်တွေပါရှိတာကြောင့် ဝတ်မှုန့် ဓာတ်မတည့်ရင်တော့ မစိုက်သင့်ပါဘူး။ သင့်မှာ မရှိဘူးဆိုရင်တော့ Peace Lily ဟာ ညဘက်မှာ Oxygen ကို ထုတ်ပေးတာကြောင့် သင့်အိပ်ယာဘေးမှာ ထားဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် Peace Lily ဟာ အမိုးနီးယား၊ ဗင်းဇင်း၊ ဖော်မယ်ဒီဟိုက် နဲ့ အီသိုင်လင်းတို့လို ဓာတုဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။

 

၉။ Philodendron Green

Philodendron Green အပင်တွေဟာ Pothos (ရွှေလာငွေလာပင်) တွေနဲ့တူပြီး ပုံမှန်ရှိတဲ့ အခန်းအနေအထားတစ်ခုမှာဆိုရင် ၁၀ ပေ အထိ ရှည်ထွက်လာအောင် ရှင်သန်နိုင်ပါတယ်။ စင်အမြင့်နဲ့လည်း စိုက်ပျိုးနိုင်ပြီး တွဲလောင်းချ အလှဆင် စိုက်ပျိုးမယ်ဆိုရင်လည်း ရပါတယ်။ စိုက်ရတာ လွယ်ကူပြီး Pothos ပင်အတိုင်းပဲ မျိုးပွားလွယ်ပါတယ်။ လေထုကို အများကြီး သန့်ရှင်းပေးနိုင်တဲ့အထိတော့ မဟုတ်ပေမယ့် ဖော်မယ်ဒီဟိုက် ဓာတုဓာတ်ငွေ့ကို ဖယ်ရှားပေးနိုင်ပါတယ်။

 

၁၀။ ရှားစောင်းလက်ပတ်ပင် (Aloe Vera)

Aloe Vera ကို အသားအရည်ထိန်းသိမ်းဖို့အတွက်တင် မဟုတ်ဘဲ အိမ်တွင်းစိုက်ပျိုးပေးရင်လည်း ကောင်းပါတယ်။ Aloe Vera ကို အလင်းရောင်ရတဲ့ နေရာမှာ စိုက်ပျိုးတာကောင်းပြီး Aloe Vera ဟာ ရေမလောင်းခင် ခြောက်သွေ့နေရတာကို ပိုကြိုက်ပါတယ်။ Aloe Vera ဟာ ဖော်မယ်ဒီဟိုက် ဓာတုဓာတ်ငွေ့ကို ဖယ်ရှားပေးပါတယ်။

 

Credit : MM Home Decor

Posted By: Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ