Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Health

ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ

Updated 18th Dec 2020

Written by

Sint Sint, Shweproperty

လူတိုင်းလူတိုင်းအတွက် ကျန်းမာရေးက အဓိကကျတာပါ။ ကျန်းမာမှချမ်းသာမယ်။ ကျန်းမာနေမှ ဖြစ်ချင်တဲ့အရာတိုင်းကိုလုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ဆိုနိုင်တာပါ။ မကျန်းမာရင် စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်ဘူး။ဒါတွေကြုံတွေ့လာပြီဆိုရင် သင်စိတ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ဝေဒနာဆိုးကျိုးကိုပါ ခံစားရမှာပါ။ဘာတွေက သင့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ။ အိမ်မှာနေရင်ကော ကျန်းမာရေးညံ့မှာလား။

 

အပြင်စာတွေစားတာ၊ ဆေးလိပ်၊အရက်သောက်တာ စတဲ့ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အရာတွေထက် သင့်ကျန်းမာရေးကိုပိုထိခိုက်စေတဲ့အရာတွေ သင့်အိမ်ထဲမှာတင်ရှိနေတယ်ဆိုတာ လက်ခံယုံကြည်ပါလား။ အဲဒီအရာတွေက ကျန်းမာရေးကိုထင်မထားလောက်အောင်ထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုရမှာပါ။မကောင်းတာမှန်သမျှလည်း ရှင်းလင်းထားရပါမယ်။

 

(၁) ကြမ်းပြင်၊ရေချိုးခန့်သန့်စင်ဆေးရည်များ၊ချွတ်ဆေးများ

 

ကြမ်းပြင်သန့်စင်ဆေးရည်၊ ရေချိုးခန်း၊အိမ်သာသန့်စင်ဆေးရည်တွေနဲ့ ချွတ်ဆေးတွေရဲ့ အနံ့တွေက နာတာရှည်ခေါင်းကိုက်ရောဂါကိုဖြစ်စေနိုင်ပြီး ကလေးတွေနဲ့ထိတွေ့တဲ့အခါမှာလည်း အန္တရာယ်များပါတယ်။ ဒါကြောင့် အဲ့ဒီအရာတွေကို အသုံးပြုတဲ့အခါ mask တပ်ထားတာ၊လေဝင်လေထွက်ကောင်းအောင်အိမ်တံခါးတွေဖွင့်ထားတာမျိုး၊ကလေးတွေလက်လှမ်းမမီတဲ့အမြင့်နေရာမှာထားတာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါတယ်။ဖြစ်နိုင်ရင်တစ်ခါသုံးလောက်ဝယ်သုံးတာမျိုး ၊တကယ်လို့ အသုံးပြုလို့ပိုနေတယ်ဆိုရင် မနှမြောပါနဲ့ ။စွန့်ပစ်လိုက်တာဟာ အကောင်းဆုံးလို့ပြောချင်ပါတယ်။

 

 

(၂) စိုထိုင်းမှု

 

အိမ်အတွင်းမှာစိုထိုင်းနေတာက သာမန်မျက်စိနဲ့မမြင်ရတဲ့မှိုတွေကိုပေါက်ဖွားစေပြီး ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်ပါတယ်။ စိုထိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့မှိုတွေက ၂၄ နာရီအတွင်းမှာ မယုံနိုင်လောက်အောင်ပြန့်ပွားလာတက်ပါတယ်။ အိမ်ထဲမှာပျံ့နှံနေရင် ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုဖြစ်စေတက်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ တတ်နိုင်သလောက်ခြောက်သွေ့နေအောင်ထားဖို့၊ အထူးသဖြင့် မီးဖိုချောင်၊ ရေချိုးခန်း၊အိမ်သာတွေကို အမြဲတမ်းစိုစိုစွတ်စွတ်ဖြစ်မနေအောင်ထားဖို့လိုပါတယ်။

 

(၃) ဆေးဝါးများ

 

အိမ်တိုင်းမှာ အရေးပေါ်သုံးဖို့ဆေးဝါးတွေဝယ်ဆောင်ထားတတ်ကြပါတယ်။ ဆေးဝါးတွေက အန္တရာယ်ရှိနေလို့မသုံးရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဲ့ဒီဆေးဝါးတွေရဲ့ ရက်လွန် နေ့စွဲတွေကို မစစ်ဆေးဘဲ အချိန်ကြာတဲ့အထိသုံးနေတက်လို့ အန္တရာယ်ရှိတယ်လို့ပြောချင်တာပါ။ ဆေးဝါးတွေကို မကြာခဏစစ်ဆေးပြီး ပစ်သင့်တာပစ်ပြီး သုံးသင့်တာကိုပဲသုံးဖို့ အထူးသတိထားဖို့လိုပါတယ်။

 

(၄) မီးဖို၊ရေပူ၊ရေအေးစက်၊အဝတ်အခြောက်ခံစက်များ

 

အိမ်ထဲကအသုံးအဆောင်တွေထဲမှာ မီးဖို၊ရေပူ၊ရေအေးစက်၊ အဝတ်အခြောက်ခံစက်တွေကနေ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုပြီး အိမ်ကိုလုံနေအောင်ပိတ်ထားမယ်ဆိုရင် အိမ်ထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေစုဝေးလာပြီး ခေါင်းမူးခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ အမြဲလိုလိုမလန်းဆန်းခြင်းနဲ့ သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုအသုံးပြုနေတဲ့အခါ၊အသုံးပြုပြီးတဲ့အခါတွေမှာ အိမ်ထဲကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။

 

 

 

(၅) ပင့်ကူမျှင်နဲ့ဖုန်များ

 

အိမ်ထဲမှာ ပင့်ကူမျှင်နဲ့ဖုန်တွေများနေတဲ့အခါ သေသေချာချာရှင်းလင်းပေးဖို့လိုပါတယ်။ဒါတွေရှိလို့ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့။ ပင့်ကူမျှင်တွေနဲ့ဖုန်တွေများလာတဲ့အခါ အသက်ရှူလမ်းကြောင်းထဲလွယ်လွယ်ဝင်ရောက်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေအထိဖြစ်စေနိုင်ပါတယ်။အခုဆိုရင်တော့ ကိုဗစ်ကာလကြီးမှာ အိမ်မှာပဲ အလုပ်တွေပိနေတဲ့သူ ‌တွေအတွက်လည်း နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။ အရင်ကတော့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးထိခိုက်စေမယ့် အရာမျိုးလိုပေါ့။ ဒါပေမယ့်လည်း အိမ်မှာ Work From Home လုပ်လည်း ဒါတွေကို လိုက်နာရမှာပါနော်။

 

၁။ ကွန်ပျူတာကို ဆက်တိုက်ကြည့်ခြင်းလျော့ပါ။

 

ကွန်ပျူတာသုံးရတဲ့သူတွေအတွက် နာရီပေါင်းများစွာ တစ်ဆက်တည်းထိုင်ပြီး ကွန်ပျူတာသုံးခြင်းကို သတိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကွန်ပျူတာကထုတ်လွှင့်တဲ့ အပြာရောင်အလင်းကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကိုတပ်ပြီး ကွန်ပျူတာသုံးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျူတာသုံးနေစဉ်အတွင်းဖန်သားပြင်ဟာ မိမိရဲ့လက်တစ်ဆန့် အကွာအဝေးမှာပဲ ထားသုံးသင့်ပါတယ်။ နောက်တစ်ခုက မကြာခဏမျက်လုံးပိတ်ပြီးအနားပေးပါ။

 

၂။ ထိုင်နေတဲ့ပုံစံကို ဂရုပြုပါ။

 

ခုံပေါ်မှာ လျော့တိလျော့ရဲနဲ့ ခွေခွေခေါက်ခေါက် ခါးကုန်း၊ လက်ပြင်ကိုင်းပြီး အလုပ်ထဲစိတ်နစ်ပြီး လုပ်နေတတ်တာမျိုး လူတိုင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးမတ်မတ်ထားဖို့၊ လက်ပြင်မကိုင်းဖို့၊ခြေထောက်တွေကို ခွေခေါက်မထားမိဖို့ သတိပြုပါ။ သတိရတိုင်း လမ်းထလျောက်၊မတ်တပ်ရပ်တာမျိုးလုပ်ပါ။ ဖြစ်နိုင်ရင် ၁၀ မိနစ်လောက်၊ ၁၅ မိနစ်လောက် မတ်တပ်ရပ်ရင်း အလုပ် လုပ်ပါ။ နောက်တစ်ခုက ထိုင်ခုံအစား Fitness Ball တွေကို ထိုင်ဖို့ အသုံးပြုတာမျိုးလည်း ကောင်းပါတယ်။အိမ်မှာဆိုတော့ အရမ်းညောင်းနာ ကိုက်ခဲလာရင်တော့ အကောင်းဆုံးက ခဏ ဖြစ်‌ဖြစ် အိပ်ယာထဲလှဲပစ်လိုက်ပါ။ ဒါဟာ အကောင်းဆုံးပြန်လည် အနားယူခြင်းပါပဲ။

 

 

၃။ နေ့တိုင်း အပြင်စာတွေမစားပါနဲ့။

 

ထမင်းဘူးမထုပ်ချင်လို့ နေ့လယ်စာကို နေ့တိုင်းအပြင်ဆိုင်တွေမှာစားတာက ကိုယ့်ကိုစမတ်မဖြစ်စေပါဘူး။ အချို မှုန့်များတာ၊ ဆီမသန့်တာ၊ အသားငါးနဲ့ အသီးအရွက်တွေ မလတ်ဆတ်တာအပြင် အမျိုးမျိုးသော အားနည်းချက်တွေရှိနိုင်သလို ဆိုးဆေးတွေ၊ကြာရှည်ခံဆေးတွေနဲ့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတွေကို နေ့တိုင်းမထိတွေ့တာကောင်းပါတယ်။ တတ်နိုင်သလောက် အိမ်ကနေ ထမင်းချိုင့်။ မုန့်၊ သစ်သီး ပြင်ဆင်ယူလာနိုင်အောင်လုပ်ပါ။ ဒါကတော့ အိမ်မှာအလုပ်လုပ်နေရင်း ချက်ပြုတ်ဖို့အချိန်မရသူတွေ လုပ်တက်တဲ့အကျင့်လေးတွေပါ။ တက်နိုင်ရင်တော့ လျော့ချစေချင်ပါတယ်။

 

၄။ လမ်းလျောက်အစည်းအဝေးလုပ်ပါ။

 

ဖြစ်နိုင်ရင် လူနှစ်ယောက်တည်း အစည်းအဝေးထိုင်ဖို့ဆို အစည်းအဝေးခန်းသုံးတာထက် ဆေးဆေးအေးအေးရှိမယ့် နေရာဘက်တွေကို လမ်းလျောက်ထွက်ရင်း ဆွေးနွေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရုံးက Shopping Center နဲ့ နီးနီးနားနားဆို အဲဒီအထဲ အေးအေးလူလူ လမ်းပတ်လျောက်ရင်း ဆွေးနွေးနိုင်ပါတယ်။ (တကယ့်ရည်ရွယ်ရင်းတော့ မပျောက်စေနဲ့ပေါ့၊ ပြီးတော့ ကိုယ့်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း အဲဒီလိုလုပ်ဖို့ ခွင့်ပြုထားမထားအရင်ဆန်းစစ်ရပါဦးမယ်။)

 

၅။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ

 

အလုပ်တွေကြောင့်ပဲ စိတ်ဖိစီးမှုတွေ သိပ်များနေပြီလား၊ ဒေါသထွက်လွယ်လာသလား၊ အလိုမကျမှုတွေ များနေပြီလား၊ သိပ်မစဉ်းစားနိုင်တော့ဘူးလားစသဖြင့် မိမိရဲ့ စိတ်အနေအထားကိုလည်း အမြဲတမ်းသတိပြန်လည်ထားနေရပါမယ်။ အလုပ်များတာ ကြောင့်၊ မနိုင်ဝန်ထမ်းနေရတာကြောင့်၊လုပ်ဖော်ကိုင်ဖက်ကြောင့်၊ အထက်လူကြီးကြောင့်၊အိမ်ကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အတွက် အဆင်မပြေနိုင်လောက်တဲ့အဆင့်၊ ထိခိုက်နိုင်လောက်တဲ့ အဆင့်မရောက်ခင်ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်ရပါမယ်. ဒါက အရေးကြီးပါတယ်။

 

 

 

အရမ်းလိုအပ်လာရင်တော့ တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ ကိုယ့်ကို နားလည်ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖွင့်ဟတိုင်ပင်တာ ဘယ်လိုအရာမျိုးမဆို ကိုယ့်စိတ်ထွက်ပေါက် ဖြစ်စေမယ့်အရာတွေကိုလုပ်ရင်းစိတ်ကိုလည်း အမြဲလန်းဆန်းနေအောင်ထားရပါမယ်။ဒါမှ စိတ်ရော၊ ကိုယ်ပါ နှစ်မြှုပ်ပြီး တာဝန်တွေကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်မှာပါ။နောက်တစ်ခုက ကိုယ်ခွဲတစ်ခုလိုဖြစ်နေပြီ ဖြစ်တဲ့ စမတ်ဖုန်းတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်၊ဒါက အိမ်တွင်းမှာမှ မဟုတ်ဘူး နေတကာအတွက်ရည်ရွယ်ချင်ပါတယ်။ ဒါပေမယ့်စမတ်ဖုန်းအသုံးပြုမှုကိုတော့ ဘယ်သူမှ လျှော့ချသွားတာမျိုးမရှိကြပါဘူး။ ဆိုရှယ်မီဒီယာတွေ ပိုသုံးလာတယ်၊ အားကစားပွဲတွေ၊ Live လွှင့်တာတွေ၊ ဂိမ်းဆော့တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ အလုပ်အတွက် အသုံးချတာတွေ ပိုများလာတယ်။ဒီခေတ်မှာက ဘယ်နေရာသွားသွား စမတ်ဖုန်းတွေကတော့ ပါနေကြမှာပဲ။ ဒီလိုဆို ကိုယ့်လက်ထဲက စမတ်ဖုန်းကို ကျန်းမာရေးလိုက်စားဖို့ ပြန်အသုံးချကြမယ်။ ဘယ်လိုအသုံးချကြမလဲဆိုရင် အောက်ပါ ။နည်းလမ်း ၃ သွယ်နဲ့ သုံးချလို့ရတယ်။

 

၁။ အစားအသောက်မှီဝဲရာမှာ စမတ်ဖုန်းတွေကို အသုံးချမယ်

 

လူတစ်ယောက် ကျန်းမာစေဖို့ အစားအစာတွေ မှီဝဲစားသောက်မှုပုံစံက အရေးအကြီးဆုံးအချက်ပါပဲ။ကိုယ့်အနေနဲ့ ဘယ်လို အစားအစာကို ဘယ်လောက်စားပြီး ဘယ်လို အာဟာရဓာတ်တွေ၊ ကယ်လိုရီတွေ၊ ကာဘိုဟိုက်ဒရိတ်တွေ၊ အဆီတွေ၊ လက်ခံရရှိထားလဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

 

 

စားသောက်မှုကို အစီအစဉ်ချမယ် – ဝိတ်ချချင်တဲ့လူတွေအတွက်ဆိုရင်လည်း တစ်နေ့ကို ကယ်လိုရီပမာဏ ဘယ်လောက်စာပဲ မှီဝဲစားသောက်ရမယ်ဆိုတာကို သတ်မှတ်နိုင်တဲ့ MyFitness Pal တို့ MyNetDiary တို့လို App မျိုးတွေ ရှိနေတာမို့ စနစ်တကျသာ အသုံးချမယ်ဆိုရင် အစားအစာကို စနစ်တကျ မှီဝဲစားသောက်ရုံနဲ့တင် ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။အစားအသောက် ရွေးချယ်မယ် – ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet စာတွေက တစ်ခါတလေမှာ ရွေးချယ်ရခက်ခဲတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဖုန်းကနေတဆင့် အသစ်အဆန်းတွေ ရှာဖွေပြီး အပြောင်းအလဲလေးတွေ ပြုလုပ်လို့ရပါတယ်။

 

ကိုယ်လက်ကြံ့ခိုင်အောင် စမတ်ဖုန်းတွေ အသုံးချမယ်

 

ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့လည်း စမတ်ဖုန်းတွေ အသုံးချလို့ရတယ်ဆိုရင် အံ့သြနေမလား။တကယ်လုပ်လို့ရပါတယ်။ တစ်ချို့ Application တွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အထောက်အကူပြုပြီးတော့ ကိုယ်လေ့ကျင့်ခန်းလုပ်လိုက်တိုင်းမှာလည်း ဘယ်လိုအကျိုးတွေ ရလာတယ်ဆိုတာကိုလည်း ပြောပြနိုင်ကြပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့ တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ကျန်းမာစေဖို့ အထောက်အကူဖြစ်စေနိုင်တာမို့ပါ။နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါ – ဖုန်းတွေကနေတဆင့် နှလုံးခုန်နှုန်းတို့၊ သွေးခုန်နှုန်းတို့ကို စောင့်ကြည့်လို့ရပါတယ်။ ဖုန်းတွေအပြင် ဖုန်းနဲ့ချိတ်ဆက်ပြီးသုံးနိုင်တဲ့ နာရီတို့ Fitness Tracker တို့လို အရာတွေလည်း ရှိတာမို့ အသုံးချနိုင်ပါတယ်။

 

 

 

ဆီးချိုတိုင်းမယ် – ဖုန်းတွေရဲ့ အားသာချက်တွေထဲမှာ ဆီးချို၊ သွေးတိုးတိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။ Application တွေရော Build-in လုပ်ဆောင်ချက်တွေပါ အမျိုးမျိုးရှိနေတာပါ။ကိုယ့်ကိုယ်ကို စောင့်ကြည့်နေမယ်၊ ကျန်းမာအောင်နေမယ်ဆိုရင် ကောင်းတဲ့အချက်က အချက်အလက်တွေနဲ့ ထိတွေ့နေမယ် ဆိုရင် ကျန်းမာခြင်းတွေကို အပြည့်အဝကို ခံစားရမှာပါ။ဒီလောက်ဆိုရင် အိမ်တွင်းမှာ ကျန်းမာရေးကိုထိခိုက်နိုင်မယ့် အရာလေးတွေကိုရှောင်ရှားနိုင်ပြီးတော့ ကျန်းမာနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်တွေအတိုင်း နေထိုင်မယ်ဆိုရင် သင်ဟာ အချမ်းသာဆုံးကျန်းမာမှုကိုပိုင်ဆိုင်ရတော့မှာပါ.။

 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

 

အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ

ငွေရေးကြေးရေး အဆင်ပြေချင်တဲ့သူတိုင်း သိထားသင့်တဲ့ ဝင်ငွေရရှိနိုင်မယ့် လမ်းကြောင်း(၇)ခု

အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ

 

 

Written By : Khine Zar (ShweProperty.com)

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ