Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Home Move & Store

Stay Home နေတဲ့အချိန် အိမ်လေး သန့်ဖို့လိုတယ်နော်

Updated 28th Jul 2020

Written by

Ra Wai, Shweproperty

Covid-19 ကြောင့် အိမ် မှာ နေရတဲ့ အချိန်ကာလ အတွင်းမှာ အိပ်လိုက်၊ စားလိုက်၊ ဖုန်းလေးပွတ်လိုက်၊ ပြန်ပျင်းလိုက်နဲ့ လုံးချာလည်လိုက်နေသူတွေ ရှိကြလား။ အရင်လို ပြန်ဖြစ်ချင်လှပါပြီလို့ တောင်းတနေကြလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာပဲ နေကြရမှာပါပဲ။

 

ဒီလိုအချိန်မှာ ရောဂါကာကွယ်ရေးအတွက် လက်တော့ဆေးကြမယ် မဟုတ်လား။ ဆပ်ပြာတဖွားဖွားနဲ့ ဆေးမယ်၊ လက်သန့်ဆေးရည်လေးလည်း ပါသေးတယ်။ ဒါပေမယ့် အိမ်သန့်ရှင်းမှု မရှိရင် ရောဂါပိုးများစွာ ကပ်ငြိနေမှာ သိပ်အန္တရာယ်များပါတယ်။ အရင်ဆို အိမ် မှာ သိပ်မနေဖြစ်လည်း အခုက အရင်ထက်ကြာကြာနေရမယ်၊ အိမ်ထဲက လေထုကို ပိုရှူရှိုက်ရမယ်၊ အိမ်ထဲက ပစ္စည်းတွေနဲ့ ပိုပြီးထိတွေ့ရမယ်။ ဆိုတော့ အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်နော်။

 

မဖြစ်မနေ သန့်ရှင်းပေးသင့်တဲ့ နေရာများ

လက်ကိုင်ဖုန်း

နေ့တိုင်း မထိဘဲ၊မကိုင်ဘဲမနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့အရာ ဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊ မှတ်တမ်းတွေ အထိ အားကိုးရတဲ့ အသုံးအဆောင်တစ်ခု ဖြစ်နေတော့ လက်က မချတော့ပါဘူး။

 

ကိုယ့်လက်နဲ့ အချိန်မရွေး ထိတွေ့ကိုင်တွယ်နေတဲ့ စမတ်ဖုန်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်နေမှာကို သတိထားပါ။ ဖုန်းမျက်နှာပြင်နဲ့ ကာဗာကို အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့ ပွတ်တိုက်သန့်စင်တဲ့ အကျင့် လုပ်ထားပါ။ ဆေးကွာ၊ ပျက်စီၤးလောက်အောင်တော့ မလုပ်နဲ့ပေါ့။

 

တံခါးလက်ကိုင်များ

အိမ်ရှေ့တံခါး၊ အိမ်သာတံခါး၊ အိပ်ခန်းတံခါး တို့ရဲ့ လက်ကိုင်တွေကို တစ်နေ့တည်း အကြိမ်ကြိမ် ထိတွေ့ကိုင်တွယ်မိမှာပါပဲ။ လက်မှာ ကပ်ပါလာမယ့် ရောဂါပိုးမွှားအားလုံး အဲဒီမှာ ကပ်ကျန်နိုင်ခြေ သိပ်များပါတယ်။

 

မီးဖိုချောင်ရဲ့ ထောင့်တွေ

ကြမ်းတိုက်သန့်စင်ထားလို့ ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာ နှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့ အညစ်အကြေးတွေက ရောဂါပိုးမွှားနဲ့မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလို ဖြစ်စေပါလိမ့်မယ်။ မမြင်သာတဲ့ ဒီလိုနေရာတွေကို တစ်ပတ်တစ်ကြိမ် လောက်တော့ သန့်ရှင်းပေးပါ။

 

ပန်းကန်ဆေးတဲ့ နေရာ/ဘေစင်

ကိုယ်စားမယ့် ပန်းကန်ခွက်ယောက်တွေနဲ့ အိုးတွေကို ဆေးကြောမယ့်နေရာ ကို အမြဲသန့်စင်ထားရပါမယ်။ ဒါကိုပုံမှန်သန့်ရှင်းမှု မရှိရင် အချိန်ကြာလာတာနဲ့ အမျှ အညစ်အကြေး အကျန်လေးတွေ စုပြီးကပ်ကျန်နေတာက ဘက်တီးရီးယား အသိုက်အမြုံ ဖြစ်စေနိုင်တယ်။ ရောဂါပိုးတွေက အဲဒီကနေ ပန်းကန်တွေကို ကပ်ငြိပြီး ဗိုက်ထဲ ရောက်လာပါလိမ့်မယ်။

 

ရေခဲသေတ္တာ

ရေခဲသေတ္တာထဲက ရက်လွန်ပစ္စည်းတွေက အမှိုက်ပုံးထဲရောက်သွားရင်တောင် သူတို့ဆီက မမြင်ရတဲ့ မှိုအမွှားတွေ ကျန်ရစ်စေခဲ့တတ်ပါတယ်။ ဘက်တီးရီးယားတွေက အအေးထဲမှာ ပိုပြီးရှင်သန်နိုင်တော့ပိုဆိုးတာပေါ့။ ဒါ့ကြောင့် ရေခဲသေတ္တာကို တစ်လတစ်ကြိမ်လောက်တော့ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

 

ရေထဲမှာ မုန့်ဖုတ်ဆိုဒါလေးထည့်ဖျော်ပြီး ရေခဲသေတ္တာရဲ့ဘေးစင်တွေ၊နံရံတွေကို ပွတ်သုတ်သန့်စင်ပေးပါ။ ရေနဲ့ ထပ်သုတ်ပြီး အခြောက်ခံပြီးမှ အစားအသောက်တွေပြန်ထည့်ပါ။

 

ပရိဘောဂပစ္စည်းတွေ

စားပွဲကိုပဲ သုတ်လိုက်ရုံနဲ့ အိမ်မှာသန့်သွားရောလား။ အိမ် မှာ ရှိတဲ့ ပရိဘောဂပစ္စည်းတွေကို တစ်လတစ်ကြိမ်တော့ ဖုန်စုပ်တာ၊ သန့်စင်ပေးတာတွေလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ ဖုန်သုတ်၊လှည်းကျင်းပေးပါ။

 

တီဗီရီမုတ်

လက်နဲ့ အမြဲထိတွေ့နေတဲ့ ပစ္စည်းထဲမှာ တီဗီရီမုတ်လည်း ပါဝင်ပါတယ်။ ဓါတ်ခဲကို အရင်ထုတ်ပါ။ ဆပ်ပြာရည်လေး နည်းနည်းဆွတ်ထားတဲ့ဂွမ်း သို့မဟုတ် အဝတ်စလေးနဲ့ ခလုတ်လေးတွေ ကြားကို သုတ်ပြီးသန့်စင်ပါ။ နောက်တစ်ဆင့်မှာ ဗီနီဂါနည်းနည်း ရောထားတဲ့ရေကို ဆွတ်ပြီးထပ်သုတ်ပါ။ ရေသိပ်မရွှဲစေနဲ့နော်။ သန့်ရှင်းမသွားဘဲ ပျက်သွားပါလိမ့်မယ်။

 

မျက်နှာကြက်/ပန်ကာ

အောက်မှာ ရှိတဲ့ပစ္စည်းတွေကိုပဲ ဂရုစိုက်နေပေမယ့် အပေါ်က မျက်နှာကြက်ကိုရော ပုံမှန်သန့်ရှင်းပေးရဲ့လား။ ပန်ကာတပ်ထားတယ်ဆို ပိုတောင်ဂရုစိုက်ရဦးမယ်။ လေထဲကနေ အမှုန်အမွှားတွေ ဖြန့်ချနေရင် ဘယ်လိုလုပ်မလဲ။ အထိုင်ချထားလို့ ရတဲ့ Stand Fanတွေဆိုလည်း ဒလက်လေးတွေကြားကို ဖုန်တော့သုတ်ပေးဖို့လိုပါတယ်။

 

လေအေးပေးစက်

အလားတူပဲ အဲကွန်းတွေကို ပုံမှန် servicing လုပ်ပေးဖို့လိုတဲ့အပြင် အတွင်းက air filerလေးတွေထုတ်ပြီးဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်လတစ်ကြိမ်လောက်ပေါ့။

 

မီးဖို

ဘာမီးဖိုပဲ သုံးသုံး မီးပိတ်ထား၊ မချက်ပြုတ်ဘဲ ထားတဲ့ အချိန်မျိုးမှာ မကြာခဏ သန့်စင်ပေးသင့်ပါတယ်။ အစားအသောက်ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ အဝတ်စကို စိုတယ်ဆိုရုံလေး ရေဆွတ်ပြီး ဘေးတဝိုက် ချေးညှော်ပေကျံတဲ့ နေရာ သုတ်ပေးပါ။

 

Credit : hellosayarwon

Posted By: Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ