Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

အဝတ်လျှော်စက်ထဲမှာ ထည့်ပြီး လျှော်နိုင်သော အသုံးအဆောင်ပစ္စည်းများ

Updated 9th Jun 2016

Written by

Yangon Life, Shweproperty

 

ခေါင်းစဉ်ကို ကြည့်ပြီး တော်တော် ထူးဆန်းပါလားလို့ တွေးကောင်းတွေးနိုင်ပါတယ်။  အဝတ်လျှော်စက်ထဲ အဝတ်မထည့်လို့ ဘာထည့်လျှော်မလဲ တွေးမိမှာပါ။ ဟုတ်ပါတယ်။ အဝတ်လျှော်စက်ထဲမှာ အဝတ်အစား ထည့်လျှော်တာကို လူတိုင်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အိမ်မှာ နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင်တွေကို လျှော်စက်ထဲ ထည့်ပြီး လျှော်လို့ရတယ်ဆိုတာကို လူတွေ သိပ်ပြီး မသိကြပါဘူး။ ဒါဆို ဘာပစ္စည်းတွေ ထည့်ပြီး လျှော်လို့ ရလဲဆိုတာ ကြည့်လိုက်ရအောင်။



ပထမဆုံးအနေနဲ့ မွှေးပွအရုပ် ဖြစ်ပါတယ်။ အရုပ်တွေကို ဒီအတိုင်းတော့ ထည့်လျှော်လို့ မရပါဘူး။ လျှော်နည်းကတော့ အရုပ်ကို ပိုက်ကွန်ပုံစံနဲ့ လာတဲ့ laundry bag ထဲ ထည့်ပြီး ရေအေးနဲ့ လျှော်ပေးပါ။ ရေနွေးနဲ့ လျှော်ရင် အရုပ်ထဲမှာ ထည့်ထားတဲ့ ကော်တွေ အရည်ပျော်သွားနိုင်တာကြောင့်ပါ။ စက်နဲ့ နှစ်ခါလောက် လှည့်ပြီးရင်တော့ အခြောက်ခံလိုက်ရုံပါပဲ။



နောက်ပစ္စည်းတစ်ခုကတော့ အပူခံလက်အိတ် ဖြစ်ပါတယ်။ အများစုက လက်နဲ့ ဒီအတိုင်း လျှော်ကြပါတယ်။ ဒါပေမယ့် အဝတ်ဟောင်းတွေ   လျှော်တဲ့အခါ တစ်ခါတည်း ထည့်လျှော်လိုက်ရင် လူမပင်ပန်းတော့ပါဘူး။



ဦးထုပ်ကို လျှော်စက်ထဲ ထည့့်လျှော်လို့ ရတာရော သိပါသလား။ ဒါပေမယ့် မလျှော်ခင် ဦးထုပ်ကို အစွန်းချွတ်ဆေးနဲ့ ငါးမိနစ်လောက် စိမ်ပေးသင့်ပါတယ်။ စိမ်ပြီးရင် အဝတ်လျှော်စက်မှာ ရေအေးနဲ့ လှည့်ပြီး အခြောက်ခံပါ။ စက်ထဲ လှည့်လိုက်တဲ့အခါ ဦးထုပ်ပုံစံ နည်းနည်း ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အခြောက်မခံခင် ဦးထုပ်ပုံစံကို ပြင်ပေးဖို့တော့ လိုပါတယ်။



နောက်တစ်မျိုးကတော့ အားကစားဖိနပ် ဖြစ်ပါတယ်။ လျှော်စက်ထဲမှာ ညှိမနေအောင် ဖိနပ်ကြိုးကို အရင်ဖြုတ်ပြီး ခေါင်းအုံးစွပ်ထဲ ထည့်ပေးပါ။ ဖိနပ်ထဲမှာ ရှိတဲ့ ဖိနပ်အောက်ခံ နဲ့ အစတွေကို ထုတ်ထားပါ။ ပြီးရင်တော့ ဖိနပ် နဲ့ ဖိနပ်ကြိုးထည့်ထားတဲ့   ခေါင်းအုံးစွပ်ကို   လျှော်စက်ထဲ ပစ်ထည့်ရုံပါပဲ။ ဖိနပ်တစ်ရံတည်း ထည့်လို့ အသံအရမ်းထွက်မှာစိုးရင် ပုဝါသုံး၊ လေးထည်ကို ရောလျှော်ပေးနိုင်ပါတယ်။ ဆပ်ပြာမှုန့်ကို သင် ထည့်နေကျ ပမာဏအတိုင်း ထည့်ပြီး အနံ့ပျောက်ဖို့အတွက် ဗီနီဂါကိုပါ ထည့်ပေးပါ။



ကျောပိုးအိတ်ကိုလည်း လျှော်စက်ထဲ ထည့်လျှော်လို့ ရပါတယ်။ မလျှော်ခင်မှာ ကျောပိုးအိတ်မှာ ပါတဲ့ အိတ်တွေကို ဖွင့်ပြီး စစ်ဆေးပြီး ဘာပစ္စည်းတွေ ကျန်နေလဲ ကြည့်ပါ။ အရုပ်လျှော်သလိုပဲ ခေါင်းအုံးစွပ် ဒါမှမဟုတ် laundry bag ထဲ ထည့်ပြီး   ရေအေးနဲ့   လျှော်ပေးနိုင်ပါတယ်။



ဒါဆိုရင်တော့ အဝတ်လျှော်စက်မှာ အဝတ်အစားတင်မကပဲ အခြားသော အသုံးအဆောင်တွေပါ ထည့်လျှော်လို့ ရတယ်ဆိုတာ သိပြီ ထင်ပါတယ်။ လျှော်ရ ဖွပ်ရ ချက်ပြုတ်ရနဲ့ ပင်ပန်းနေတဲ့ အိမ်ရှင်မတို့အတွက် အနည်းနဲ့ အများတော့ အထောက်အကူ   ဖြစ်လိမ့်မယ်လို့   မျှော်လင့်ပါတယ်။

 

Ref : Yangon Life

Photo Credit : Yangon Life

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ