Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

အစားအသောက်တင်မကပဲ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်တဲ့ အိမ်သုံးပစ္စည်းများ

Updated 8th Sep 2020

Written by

Sint Sint, Shweproperty

ရေခဲသေတ္တာထဲကို အစားအသောက်တွေတင် ထည့်သိမ်းလို့ရတာ မဟုတ်ပါဘူး။ အစားအသောက်တွေအပြင် အချို့သော အိမ်သုံးပစ္စည်းတွေကိုလည်း လတ်ဆတ်အောင်၊ သက်တမ်းတာရှည်ခံအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ရပါသေးတယ်။ အောက်မှာတော့ ရေခဲသေတ္တာထဲ ထည့်ထားရင် ပိုသုံးလို့ကောင်းတဲ့ ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ခေါင်းအုံးစွပ်များ

 

နွေရာသီမှာ အရမ်းပူအိုက်လွန်းလို့၊ ချွေးထွက်များလို့ အေးအေးလေး အိပ်ချင်တဲ့သူများ ဒီနည်းကို သုံးနိုင်ပါတယ်။ ခေါင်းအုံးစွပ်တွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပါ။ ပြီးတော့ အိပ်တဲ့အခါကျမှ ရေခဲသေတ္တာထဲကနေ ပြန်ထုတ်ယူပါ။ ခေါင်းအုံးစွပ်တွေက အေးအေးလေး ဖြစ်နေလို့ အိပ်လို့ကောင်းမှာ အသေအချာပါပဲ။

 

အလှကုန်ပစ္စည်းများ

 

လက်သည်းဆိုးဆေး၊ ဖောင်ဒေးရှင်းနဲ့ နှူတ်ခမ်းနီလို မိတ်ကပ်နဲ့ အလှပြင်ပစ္စည်းတွေကို ရေခဲသေတ္တာထဲမှာ ထားနိုင်ပါတယ်။ တာရှည်ပိုခံသလို ပစ္စည်းအရည်အသွေးကိုလည်း ထိန်းပေးထားပြီး ဖြစ်ပါလိမ့်မယ်။

 

မျက်လုံးလိုင်နာများ

 

လိုင်နာခဲတံတွေကို ခဏခဏမကျိုးစေချင်ရင် ရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒီလိုဆို ခဲတံချွန်တဲ့အခါ အဖျားကျိုးတာမျိုး မဖြစ်တော့ပါဘူး။

 

မျက်လုံးခရင်မ်

 

မျက်လုံးနားအရေပြားတစ်ဝိုက်ကို လိမ်းတဲ့ မျက်လုံးခရင်မ်တွေကို ၎င်းရဲ့အရည်အသွေး ပိုပြီးကောင်းမွန်အောင် ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ အေးအေးလေးဖြစ်နေတဲ့ မျက်လုံးခရင်မ်ဟာ မျက်လုံးနားတစ်ဝိုက်မှာ ညိုမဲနေတာကို သက်သာစေရုံတင်မကပဲ မျက်လုံးနားတစ်ဝိုက် ဖောင်းအစ်နေတာ၊ နီရဲနေတာတွေကိုလည်း သက်သာစေပါတယ်။

 

ဓာတ်ပုံဖလင်များ

 

ဓာတ်ပုံဖလင်တွေဟာ အပူချိန်များများနဲ့ ထိတွေ့တဲ့အခါ ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ဖလင်သက်တမ်း ကြာရှည်ခံအောင် ရေခဲသေတ္တာထဲမှာ ထားသင့်ပါတယ်။

 

ပိတ်ထားတဲ့ စာအိတ်များ

 

ကော်နဲ့ပိတ်ထားတဲ့ စာအိတ်တွေကို ရေခဲသေတ္တာထဲထည့်ထားရင် အထဲက စာရွက်ကို မပျက်စီးစေပဲ အလွယ်တကူ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

 

ဘုရားပန်းများ

 

ဘုရားပန်းတွေနဲ့ အိမ်မှာထိုးတဲ့ ပန်းတွေကို ကြာကြာခံချင်ရင် ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းနိုင်ပါတယ်။ ပန်းလေးတွေဟာ ဝယ်ခါစတုန်းကလို လန်းဆန်းပြီး လှနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

Credit : Shwemom

Photo Credit : reviewed

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ