Updated 14th Nov 2017
Home & Decor, Shweproperty
မနက် အိပ်ရာနိုးချိန်မျိုးမှာ ပြတင်းပေါက်ရဲ့ ခန်းဆီးလိုက်ကာစကို လှစ်ဟကြည့်လိုက်တာနဲ့ အပြင်ဘက်မှာ လင်းဖြာနေတဲ့အရုဏ်ဦးအလှကို ကြည်နူးဖွယ်ခံစားချက်လေးက တစ်နေ့တာလုံးအတွက် တက်ကြွရွှင်လန်းစေမယ့် အားဆေးတစ်ခွက်ပါပဲ။ ဒီလို လှပကြည်နူးဖွယ်ရာ မြင်ကွင်းလေးတွေကို အမြတ်တနိုးထုပ်ပိုး သိမ်းဆည်းပေးထားတဲ့ ခန်းဆီးလိုက်ကာလေးက သင်ကိုယ်တိုင်လှစ်ဟကြည့်မှ မြင်ရမယ့် အာရုဏ်ဦးမနက်ခင်းအလှကို တန်ဖိုးမြင့်တက်စေတဲ့ တစ်ခုတည်းသောအရာပဲဖြစ်ပါတယ်။
ခန်းဆီးလိုက်ကာစအကြောင်းဆိုလို့ စာရေးသူရဲ့ကလေးဘ၀ ရယ်ရွှင်ပျော်မြူးစရာလေးက ခန်းဆီးလိုက်ကာစတွေနဲ့ ပက်သက်နေပြန်ပါသေးတယ်။ ကျောင်းကပွဲတုန်းက အလွဲလေးတွေကခန်းဆီးလိုက်ကာစတွေနဲ့ပဲစခဲ့ပြီး ခန်းဆီးလိုက်ကာနဲ့ပဲ အဆုံးသတ်ခဲ့တာမို့ ဘယ်တော့မှ မေ့မရနိုင်တဲ့အတိတ်လေးပါပဲ။ စင်မြင့်ပေါ်တက်ရင်း ကြိုးစလှမ်းဆွဲလိုက်တာမှာ ခန်းဆီးလိုက်ကာစကတက်သွားခဲ့ပြီး ပြကွက်ထက်ပိုစောပြီး ရှေ့ထွက်လာမိလို့ ပရိတ်သတ်တွေ အရှေ့အရှက်ရခဲ့တဲ့ ကလေးဘဝရဲ့ အတိတ်ဆိုးက ခုချိန်မှာတော့ ပြန်တွေးမိတိုင်း ပြုံးရယ်စရာအဖြစ်အပျက်လေးဖြစ်ခဲ့ရပါတယ်။ စင်ပေါ်မှာကိုးလိုးကန့်လန့် ဖြစ်နေတုန်းမှာပဲ ဇာတ်ခုံနောက်ကွယ်က ပြဇာတ်ဆရာမကလိုက်ကာစချပြီး အချိန်မီကယ်တင်ပေးလိုက်ခဲ့တဲ့ နေရာမှာပြဇာတ်ဆရာမထက် ခန်းဆီးလိုက်ကာကြီးကို မဟာကျေးဇူးရှင်ကြီးအဖြစ် သတ်မှတ်မိပါတော့တယ်။ တကယ်တမ်းတော့ ဇာတ်စင်ပေါ်မှာ အရှက်တကွဲအကျိုးနည်းဖြစ်နေခဲ့တဲ့ စာရေးသူကို ပရိသတ်တွေရှေ့ကရုတ်ချည်းပျောက်ကွယ်သွားစေခဲ့တဲ့ စာရေးသူကို ပရိတ်သတ်တွေရှေ့က ရုတ်ချည်းပျောက်ကွယ်သွားစေခဲ့တဲ့ ခန်းဆီးလိုက်ကာကြီးရဲ့ ကျေးဇူးက အတိုင်းအဆမရှိ ကြီးမားခဲ့တာပဲ မဟုတ်ပါလား။ ဒီလိုနဲ့ စာရေးသူအရွယ်ရောက်လာတော့ ခန်းဆီးလိုက်ကာတွေအကြောင်း လက်လှမ်းမီနိုင်သမျှ လေ့လာကြည့်တော့ ခန်းဆီးလိုက်ကာစတွေနဲ့ လှပပြီးနေချင့်စဖွယ် ဖြစ်စေမယ့် အိမ်ခန်းပြင်ဆင်မှုနည်းလမ်းလေးတွေကို တွေ့ရှိခဲ့တာမို့ ဒီနေရာမှာ လက်ဆင့်ကမ်းဝေငှလိုက်ပါတယ်။
ခန်းဆီးလိုက်ကာစတွေက အမြင်နဲ့တင်စိတ်လှုပ်ရှားဖွယ်ဖြစ်နေပါစေ
လျှိုမြောင်တွေပေါပြီး သာယာလှပတဲ့တောင်ပေါ်မြို့အိမ်လေးမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ စာရေးသူအတွက် ခန်းဆီးလိုက်ကာတွေက အိမ်ခန်းအတွက်နွေးထွေးလုံခြုံမှုကို ဆောင်ကျဉ်းပေးတဲ့ အဖိုးတန်အရာလေးပါပဲ။ အေးစိမ့်တဲ့ ရာသီဥတုရှိတာမို့ အနွေးဓာတ်လုံစေဖို့ရာ ခန်းဆီးလိုက်ကာစဆိုတာ ပြောင်ရှင်းနေတဲ့အစမျိုးထက် ပန်းခက်ပန်းနွယ်ပုံ၊ တွယ်တက်အလှပင်ပုံတွေလိုမျိုး သဘာဝကျကျ အနုစိတ်တဲ့ ခန်းဆီးစတွေကို ဆိုလိုတာပါ။ သဘာ၀၀အလင်းရောင် အနုအရင့်နဲ့ အကွက်လှလှတွေကလည်း အိမ်ခန်းတွင်းအပြင်အဆင်ကို ပိုပြီးတောက်ပထည်ဝါစေဦးမှာပဲ ဖြစ်ပါတယ်။
ခေတ်မီလှပစေဖို့ အကွက်အပြောက်တွေနဲ့ ပေါင်းစပ်ဖန်တီးပါ
ရိုးစင်းပြီး ပုံတုံးနေတဲ့သင့်ရဲ့အခန်းကိုခေတ်မီလှပသွားစေဖို့ အိမ်တွင်းအပြင်အဆင်တွေအားလုံးကို ငွေကြေးကုန်ကျခံပြီး လိုက်ပြောင်းစရာမလိုပါဘူး။ အရောင်အနုအရင့်ကစားထားတဲ့ ခန်းဆီးလိုက်ကာကိုပြောင်းလဲတပ်ဆင်လိုက်တာနဲ့ သင့်ရဲ့အိမ်ခန်းတစ်ခုလုံးကို အဆင့်အတန်းမြင့်မြင့် ခေတ်မီလှပသွားစေမှာ အသေအချာပါပဲ။ ခန်းဆီးလိုက်ကာစနဲ့လိုက်ဖက်တဲ့ အဆင်တန်ဆာအချို့ကို ပေါင်းစပ်မွမ်းမံလိုက်တယ်ဆိုရင်ပဲ ခန်းဆီးလိုက်ကာချတဲ့ အခါတိုင်းသင့်ရဲ့စိတ်အစဉ်ကို ခန်းဆီးစရဲ့နောက်ပြတင်းတံခါးမှာ ပလတ်စတစ်ယင်းလိပ်ခန်းဆီးလိုက်ကာကိုပါ တပ်ထားမယ်ဆိုရင်တော့ ခေတ်မီတဲ့ ဟန်ဖြစ်စေရုံသာမက အလင်းရောင်ဝင်တဲ့ပမာဏကို လိုအပ်သလိုထိန်းညှိထားနိုင်တာမို့ လိုအပ်တာထက်ပိုပြီး မှောင်နေတာမျိုးနဲ့ ပိုပြီးတောက်ပစူးရှနေတာမျိုးကို ဟန့်တားပြီးသားဖြစ်စေဦးမှာပါ။
အိမ်တွင်းအခန်းငယ်ဖွဲ့ဖို့ ခန်းဆီးစကို အသုံးပြုပါ
အိမ်ခန်းအကျယ်ကြီးတွေကတကိုယ်တည်းနေတဲ့အခါမျိုးမှာ သင့်ကိုအထီးကျန်စေတဲ့ ခံစားမှုမျိုး ဖြစ်စေတတ်ပါတယ်။ ဒီလိုအခက်အခဲမျိုးကိုလည်း အလွယ်တကူဖြေရှင်းပေးနိုင်တာကခန်းဆီးလိုက်ကာစပါပဲ။ ခန်းဆီးလိုက်ကာစတွေက အုတ်နံရံကြီးတည်ဆောက်နေစရာမလိုပဲ အခန်းငယ်သစ်တစ်ခန်းကို ဖန်တီးပေးနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဧည့်ခန်းနဲ့ထမင်းစားခန်းတွေမှာ ကာရံတပ်ဆင်မယ်ဆိုရင်တော့ ပါးလွှာတဲ့ခန်းဆီးစတွေက အလင်းရောင်နဲ့ လတ်ဆတ်သန့်ရှင်းတဲ့လေကို အတားအဆီးမရှိစေတာမို့ အသင့်လျော်ဆုံးပါပဲ။ အခန်းကို ရိုးရိုးရှင်းရှင်းနဲ့ တည်ငြိမ်လို့ကျက်သရေရှိစေချင်တယ်ဆိုရင်တော့ ခန်းဆီစအရောင်ကို အနုလေးတွေပဲ ရွေးချယ်သင့်တယ်လို့အကြံပြုပါရစေ။
မှန်ပြတင်းပေါက်အရှည်တွေအတွက် ဘယ်လိုခန်းဆီးစသုံးမလဲ
မျက်နှာကျက်ထိပ်ဖျားကနေ ကြမ်းပြင်အထိမြင့်မားရှည်လျားတဲ့ မှန်ပြတင်းတွေမှာ တပ်ဆင်ဖိုးခန်းဆီးစရွေးတဲ့နေရာမှာ အနည်းငယ် သတိထားရပါမယ်။ မြင်သာလွန်းအောင်မြင့်မားတဲ့ ပြတင်းပေါက်ကကျဉ်းမြောင်းနေမယ်ဆိုရင်အကွက်တွေ၊ အဆင်တွေပါတဲ့ခန်းဆီးလိုက်ကာစကိုတပ်မိရင်ဖြင့် အလွဲကြီးလွဲသွားမှာ ဖြစ်ပါတယ်။ အကွက်အပြောက်တွေနဲ့ဆို မျက်စိရှုပ်စေမှာမို့ အရောင်ထင်းတဲ့ ပြောင်သားခန်းဆီးစတွေကသာ မြင့်မားကျဉ်းမြောင်းတဲ့ ပြတင်းပေါက်ကို ပိုလို့ကျယ်သယောင်ဖြစ်စေပြီး တခမ်းတနားနဲ့ ထင်ရှားပေါ်လွင်စေမှာဖြစ်ပါတယ်။
အိမ်ပြင်ဘက်မှာလည်း ခန်းဆီးအသုံးပြုဆင်ယင်ပါ
အိမ်ခန်းပြင်ဘက်မှာ ရှိတဲ့ ဝရန်တာနေရာတွေ၊ အိမ်အဝင်ဝတံစက်မြိတ်အမိုးအောက်နေရာတွေနဲ့ ဥယျာဉ်ထဲက အပန်းဖြေနေရာအမိုးခုံးတွေအောက်မှာလည်း ခန်းဆီးစတွေသုံးပြီး သာယာချမ်းမြေ့ဖွယ် အပြင်အဆင်တွေကိုပါ ဆင်မြန်းဖန်တီးနိုင်ပါသေးတယ်။ ဒီလိုအပြင်ဘက်မှာ တပ်ဆင်မယ်ဆိုရင်တော့ ကြာရှည်အသုံးခံပြီး ရာသီဥတုဒဏ်ကိုပါ ခံနိုင်ရည်ရှိစေမယ့် ဂျပ်ခုတ်ထည်လို ချည်သားထူထူခန်းဆီးစတွေကအေးမြတဲ့ အရိပ်အာဝါသကိုဖြစ်ပေါ်စေပါတယ်။ ပန်းခြံထဲမှာ အေးအေးလူလူအနားယူဖို့ဆိုရင်တော့ အပန်းဖြေနားနေရိပ်သာရဲ့ နံဘေးပတ်ပတ်လည်မှာ ပါးလွှာတဲ့အဖြူရောင်ခန်းဆီးစတွေ ဖြတ်သန်းဝင်ရောက်စေလို့ နားနေရိပ်သာထဲမှာ သင့်ကိုလွတ်လွတ်လပ်လပ်အေးအေးလူလူနဲ့ အပူပိုင်းသစ်တောထဲ အနားယူနေရသလိုမျိုးခံစားချက်ကိုပေးစွမ်းဦးမှာဖြစ်ပါတယ်။
သင်အနှစ်သက်ဆုံးအရောင်နဲ့ ခန်းဆီးစကိုရွေးချယ်တပ်ဆင်ပါ။
သင့်ရဲ့အခန်းမှာ အရောင်သစ်တစ်မျိုးထပ်ပေါင်းလို့ အလှဆင်ချင်တဲ့ စိတ်ကူးမျိုးဖြစ်လာပေမယ့် ဘာအရောင်အသွေးရမှန်းမသေချာဘူးဆိုရင် အခန်းထဲက အခြားအသုံးအဆောင်ပစ္စည်းတွေရဲ့ အရောင်နဲ့ ဆင်တူတဲ့ အရောင်နဲ့ ခန်းဆီးစကိုရွေးဝယ်မယ်ဆိုရင်စိတ်ကူးကောင်းပါပဲ။ မိုးပြာရောင်လေးကစလို့ စိမ်းပြာရောင်၊ပန်းသွေးရောင်၊ အနီရင့်တွေအထိဘယ်အရောင်အသွေးမဆိုတပ်ဆင်အသုံးပြုနိုင်ပေမယ့် အဓိကအချက်ကအခန်းတွင်း အသုံးအဆောင်ပစ္စည်းရောင်တွေနဲ့ လိုက်ဖက်တဲ့ အရောင်ဖြစ်ဖို့ပါပဲ။ နွေးထွေးမှုရှိပြီး ဆန်းသစ်တဲ့ အပြင်အဆင်ဖြစ်ဖို့ရာ နဂိုကတည်းကလိုက်ဖက်ညီပြီးသားအရောင်အသွေးတူအုပ်စုတွေကို မေ့ထားလို့ မဖြစ်ပါဘူး။
ခန်းဆီးလိုက်ကာတန်းကို ပြတင်းမှန်ထက် ပိုမြှင့်ထားပါ။
ခန်းဆီးလိုက်ကာစရဲ့ နဖူးစီးနေရာမှာ ရှိတဲ့ လိုက်ကာတန်းနေရာသေသပ်မှုကလည်း အခန်းရဲ့လှပမှုအတွက် အဓိကကျနေပြန်ပါတယ်။ ခန်းဆီးစက မျက်နှာကျက်နေရာနားလောက် ခပ်မြင့်မြင့်နေရာကနေတွဲလျားကျနေမယ်ဆိုရင် ခန်းဆီးလိုက်ကာတန်းက လူတိုင်းမြင်နေရတဲ့ အနေအထားဖြစ်နေတာမို့ လိုက်ကာတန်းသေသပ်ဖို့အတွက် အဓိကအသုံးများတာကတော့ လိုက်ကာတန်းအဖုံးပဲဖြစ်ပါတယ်။ ခန်းဆီးစက ပြတင်းထက်ပိုမြင့်နေပြီး မျက်နှာကျက်ကကျနေတဲ့ပုံက အခန်းကိုပိုကျယ်သယောင်ဖြစ်သွားစေပြီး အခန်းတွင်းကခန့်ညားထည်ဝါတဲ့ အပြင်အဆင်တွေကို ပိုလို့ပေါ်လွင်ထင်ရှားစေမှာဖြစ်ပါတယ်။ အိမ်ခန်းတွင်းက ပရိဘောဂတွေ၊ ကော်ဇောတွေရဲ့ ဒီဇိုင်းက အကွက်စိတ်တွေများပြီး အရောင်တော်တော်လေးထင်းနေမယ်ဆိုရင်တော့ မျက်နှာကျက်နေရာနားကနေ ကြမ်းပြင်အထိကျနေမယ့် သင့်ရဲ့ခန်းဆီးလိုက်ကာစက ဆန့်ကျင်ဘက်အနေနဲ့ အရောင်းနုလေးဖြစ်နေသင့်ပါတယ်။ အခန်းထဲက ထည်းဝါလှပမှုတိုင်းကို ပေါ်လွင်သွားစေမယ့်အပြင် အခန်းကိုလည်း ပိုပြီးကျယ်ဝန်းသွားစေမှာ အသေအချာပါပဲ။
ဖြူဖြူလွလွ ခန်းဆီးလိုက်ကာအပါးစ ရွေးချယ်ပါ။
စလိုက်မှန်တံခါးချပ်တွေ၊ ပြတင်ပေါက်မှန်ချပ်တွေများများစားစားပါတဲ့ အခန်းအမျိုးမှာ အဖြူရောင် သို့မဟုတ် ခရင်မ်ရောင်လိုက်ကာအပါးစတွေကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ အဖြူရောင်ခန်းဆီးလိုက်ကာအပါးစတွေက မှန်ချပ်တွေကနေ ဝင်ရောက်လာမယ့် စူးရှတောက်ပတဲ့ အလင်းတန်းတွေကို စစ်ထုတ်ပေးနိုင်တာကြောင့် အလင်းရောင်စူးစူးတွေကနေ မှိန်ဖျော့တဲ့ အလင်းအဖြစ် ပြောင်းလဲသွားစေနိုင်စွမ်းရှိပါတယ်။ ဘေးနံရံပတ်ပတ်လည်မှာ အဖြူရောင်ခန်းဆီးလိုက်ကာအပါးကို အပြည့်တပ်ဆင်လိုက်မယ်ဆိုရင် နူးညံ့သိမ်မွေ့တဲ့အလင်းမှိန်မှိန်လေးဝင်ရောက်နေပုံက အခန်းထဲ ကဗျာတစ်ပုဒ်လို ကြည်နူးဆွတ်ပျံ့ဖွယ်ဖြစ်နေစေဦးမှာပါ။ ဖျော့တော့ပါးလွှာတဲ့ ခန်းဆီးလိုက်ကာစကို အတွန့်အထပ်လေးတွေနဲ့ဆိုရင် ပြတင်းပေါက်နားတိုးဝှေ့လာတဲ့ လေပြေအကြားပေါ့ပေါ့ပါးပါးလွင့်နေဦးမှာ ဖြစ်ပြီးစိတ်ကူးယဉ်သမားတွေ မိန်းမောသွားကြဦးမှာ အသေအချာပါပဲ။
ခန်းဆီးလိုက်ကာကို နှစ်ထပ်ထားပါ
နှစ်ထပ်ခန်းဆီးလိုက်ကာတွေက အိပ်ခန်းနဲ့ဧည့်ခန်းတွေမှာများသောအားဖြင့် ပိတ်အထူသားနဲ့ အပါးသားကို နှစ်ထပ်အသုံးပြုကြတာဖြစ်ပါတယ်။ ညပိုင်းမှာ အိမ်ခန်းတွေထဲမီးထွန်းထားတဲ့အခါမျိုးမှာ ပြင်ပကလှမ်းမြင်နေရတာမျိုး မရှိစေဖို့ ခန်းဆီးလိုက်ကာအထူးသားနဲ့ပိတ်ပြီး မနက်ပိုင်းအချိန်တွေမှာ မီးမထွန်းထားတဲ့ အိမ်ခန်းထဲကသဘာဝအလင်းရောင်ဖြတ်သန်းရောက်ရှိစေဖို့ ခန်းဆီးလိုက်ကာအပါးစနဲ့ ပိတ်ရပါတယ်။ ဒါ့အပြင် နှစ်ထပ်ခန်းဆီးလိုက်ကာစတွေရဲ့ အရောင်အသွေးကလည်း အရောင်တူအုပ်စုဖြစ်စေ၊ အရင့်နဲ့ အဖျော့ကိုတွဲဖက်အသုံးပြုပြီးဖြစ်စေ အသုံးပြုနိုင်ပြီး အကွက်နဲ့ ပြောင်ဖြစ်စေ နှစ်ထပ်အသုံးပြုရင်လည်း အဆင်ပြေပါတယ်။
အကာအရံအတားအဆီးလိုမျိုး အိမ်ခန်းအလှဆင်ပစ္စည်းလိုတစ်ဖုံ အမျိုးမျိုးအသုံးဝင်လှတဲ့ ဒီခန်းဆီးလိုက်ကာစတွေက အိမ်ခန်းနေရာနဲ့ လိုက်ဖက်ညီအောင်မရွေးချယ်တတ်ရင်ဖြင့် အခန်းထဲပိုလို့ အကျည်းတန်ရုပ်ဆိုးသွားစေနိုင်တာကြောင့် ငွေကုန်ရကျိုးမနပ်ဖြစ်တတ်ပါတယ်။ ဒီတော့ ကုန်ကျမှုသိပ်မများပဲ လှပပြီးနေချင့်စဖွယ် အိမ်ခန်းပြင်ဆင်မှုမျိုးဖြစ်စေဖို့ စာရေးသူဖော်ပြထားခဲ့သမျှ ခန်းဆီးလိုက်ကာစရွေးချယ်နည်းတွေနဲ့ စာဖတ်သူရဲ့စိတ်ကူးဉာဏ် ပေါင်းစပ်ပြီး အကောင်းဆုံးဖန်တီးဆင်ယင်နိုင်ကြမယ်လို့ ယူဆမိပါတယ်။
Ref : Home & Decor
Photo Credit : pinterest
Posted By : Wai Phyoe Aung
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။