Updated 12th May 2020
Ra Wai, Shweproperty
အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံး ဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့ လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။
အမှန်က လုံးဝ မဟုတ်ပါဘူး။
လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။
ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်း ပါ၀င်ပါတယ်။
အဓိက အနေနဲ့ Indoor Unit မှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေ ပါဝင်ပါတယ်။
Evaporator ဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို အေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။
အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက လေကို စုပ်ယူလိုက်ပါတယ်။ အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို Evaporator လို့ခေါ်တဲ့ ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်း စေပြီး အေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။
ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင် ၂၅ ဒီဂရီကို မရောက်မချင်း အဲ ကွန်းဟာ အခန်းတွင်းမှာ ရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။
ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။
စက်ရပ်တာ ကြာလာလို့ အခန်းတွင်း အပူချိန်က ၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ် ပြန်လုပ်ပါတယ်။
ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင် ၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ ဓါတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။
အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။
အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ(ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။
ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ ပြန်သုံးသပ်သင့်ပါတယ်။
လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့် သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထား ခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို ပြင်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင် အတွင်း အပြင် အပူ အအေး ကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။
လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။
ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန်ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။
ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့ နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။
ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ ချိန်ထား လုပ်ထားပါတယ်။
အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။
ဒီတော့ အဲကွန်းကို ဖွင့်တဲ့အခါမှာ ၂၅ ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလို ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။
Ref By: SOE Electronic
Posted By: Ra Wai (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။