Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen
မုတ်သုံရာသီရဲ့ ထိုင်းမှိုင်းမှုဒဏ်ကို တိုက်ခိုက်နိုင်ဖို့ နည်းလမ်းများ
Updated 9th Dec 2015
Written by
Yangon Life, Shweproperty
မိုးဦးကျရာသီရဲ့ ဦးဦးဖျားဖျားမိုးရေစက်လေးတွေက နွေရာသီရဲ့ ပူအိုက်လှတဲ့ဒဏ်ကို သက်သာစပြုလာစေ ပါတယ်။ ဒါပေမဲ့ ဒီမိုးရာသီဟာ အလွန်စွတ်စိုထိုင်းမှိုင်းတာကြောင့် စာရေးသူတို့ရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်မှုကို စမ်းသပ်နေသလိုပါပဲ။ ရန်ကုန်မိုးဟာ ရာသီဥတုကြည်လင်ဖို့ခဏတာတောင် နားလေ့မရှိပဲ ရွာချတတ်ပါတယ်။
မုတ်သုံကာလဆိုတာ စိုက်ပျိုးရေးအတွက်မိုးရေလိုအပ်တဲ့ နိုင်ငံသဘာဝနဲ့ ကိုက်ညီစွာ လေထန်ထန်နဲ့ မိုးရွာပေးတဲ့ကာလလေး ပါပဲ။ စာရေးသူတို့လို သာမန်လူတွေအတွက်ကတော့ မိုးရာသီဟာ တိမ်ထူမိုးရွာတဲ့ ပျင်းရိဖွယ်ကာလဖြစ်ပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စတဲ့ခြင်မှ ကူးစက်တဲ့ရောဂါတွေ ဖြစ်ပွားမှုအများဆုံး အချိန်လို့ပဲ မြင်မိပါတယ်။ စွတ်စိုထိုင်းမှိုင်းတဲ့ရာသီကြောင့် ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားပျံ့နှံ့ နိုင်ပါတယ်။ မိုးရာသီဟာ အရေပြား၊ အစာအိမ်၊ ကြွက်သားတွေကို ထိခိုက်နာကျင်စေတဲ့အပြင် မစဲတမ်းရွာ တတ်တဲ့မိုးကြောင့် စိတ်တွေထိုင်းမှိုင်းတတ်ပါသေးတယ်။  ရန်ကုန်ကို ရောက်လာတာမကြာသေး သူတွေအတွက် ပိုမိုခံရခက်တာမို့  ရန်ကုန်မိုးကို အံတုပြီး ပျော်ရွှင်စွာနေနိုင်ဖို့ နည်းလမ်းတွေဖော်ပြပေး လိုက်ပါတယ်။
မိုးရာသီကို ရှောင်ပြေးဖို့ နေသာတဲ့နိုင်ငံဆီ ငွေကုန်ခံခရီးမထွက်ရသေးမီ အောက်ပါအချက်လေးတွေကို နည်းနည်းဖတ်ပြီး လက်တွေ့လုပ်ကြည့်လိုက်နော်။ ဒီအချက်တွေဟာ လူအများစုဆီကနေ စုဆောင်းလာတာဖြစ်တဲ့အတွက် အသုံးဝင်နိုင်ပြီး  မိုးကုန်တဲ့အထိ ပျော်ရွှင်စွာ နေနိုင်သွားပါလိမ့်မယ်။
(၁) အရှိအတိုင်းလက်ခံပြီး ကျေနပ်လိုက်ပါ
နေသာတဲ့နေ့လေးတစ်နေ့များ ရောက်လာမလားလို့ မျှော်လင့်ပြီး မိုးရွာရက်တွေကို ငြီးငွေ့နေတာ ရပ်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မိုးရာသီဟာ မိုးရွာမှာပဲလို့ မှတ်လိုက်ပါ။ အရှိအတိုင်းကို လက်ခံနိုင်မှ နေ့စဉ်ဘ၀ မှာပျော်နိုင်မှာပါ။ ရန်ကုန်ရဲ့ မိုးရာသီဟာ ဇွန်လမှ အောက်တိုဘာလအထိ ကြာမြင့်တာကြောင့် ခုမှ တစ်ဝက်ပဲရှိသေးလို့ အားတင်းပြီး တခြားပျော်စရာလေးတွေ စဉ်းစားကြည့်ရအောင်။
(၂) ကိရိယာအပြည့်တပ်ဆင်ပါ
ကျန်းမာရေးအတွက် လက်တွေ့ကျကျ ကာကွယ်ဖို့ လက်နက်ကိရိယာအပြည့်တပ်ဆင်ရပါမယ်။ ဘယ် သွားသွား ထီးယူသွားပါ။ အဖြစ်သည်းလွန်းတယ်လို့ မထင်ပါနဲ့။ ဘာလို့လဲဆိုတော့ မိုးမရွာလောက်ဘူး ထင်ပြီး ထီးမယူခဲ့လို့ မိုးရေထဲမှာ ထီးမပါပဲ အဆောက်အဦးတွေအောက် ပြေးဝင်မိုးခိုရတဲ့သူတွေ အများကြီးပါ။ ချက်ချင်းရွာချလာတဲ့မိုးကို မကာကွယ်နိုင်ပဲ စိုသွားခဲ့ရင်တော့ ခန္ဓာကိုယ်အပူအအေး မမျှမတဖြစ်ပြီး အအေးမိနိုင်ပါတယ်။ ထီးယူတာဟာ အလုပ်ပိုတာ မဟုတ်ပဲ အကာကွယ်ယူတာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ဘွတ်ဖိနပ်ကို အလေးထားပြီး ၀ယ်လိုက်ပါ။ လမ်းထဲမှာ လျှံနေတဲ့ရေတွေဟာ ကောင်းကင်ပေါ်က ကျလာတဲ့မိုးရေမဟုတ်ပဲ မြောင်းတွေထဲက လျှံတက်လာတဲ့ ညစ်ပတ်တဲ့ရေတွေ ဖြစ်ပါတယ်။ အဲဒီရေထဲမှာ အသေးဆုံး ဘက်တီးရီးယားကနေ အကြီးဆုံးကြွက်သေကောင် အထိ အကုန်ပါလာတတ်ပြီး အရေပြားထဲ လက်သည်းခွံထဲ ဒဏ်ရာတွေထဲ ၀င်ကာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။
(၃) ) ၀မ်းပျက် ၀မ်းလျှော ကာကွယ်ပါ
မိုးရာသီမှာ ၀မ်းပျက်ဝမ်းလျောခြင်း အဖြစ်များပါတယ်။ အစာမကြေ လေထိုးလေအောင့်ဖြစ်တတ်လို့ Air-X လိုဆေးမျိုးကို ဆောင်ထားသင့်ပါတယ်။ ဓါတ်ကြီးလေးပါးမညီမျှပဲ မီးဓါတ်အားနည်းတဲ့ကာလဖြစ်လို့ ၀မ်းမီးတောက်ခြင်း နည်းပါးပြီး အစာအိမ်ပြဿနာဖြစ်တတ်ပါတယ်။ မိုးတွင်းကာလမှာ ကျန်းမာရေးအတွက် သတိထားသင့်တဲ့ အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
    ရေသန့်ကိုပဲ သောက်ပါ။ ရန်ကုန်က ဘုံဘိုင်ရေဟာ မသန့်ဘူးဆိုတာ အားလုံးအသိပါပဲ။ ရေကနေ ကူးစက်တတ်တဲ့ ၀မ်းရောဂါတွေဟာ မိုးရာသီမှာ အဖြစ်များပါတယ်။ ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီးသောက်သင့်ပါတယ်။ သွားတိုက်ရင်တောင် ရေသန့်ပဲ သုံးသင့်ပါတယ်။
    မိုးကလ အအေးဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ အားကိုပြန်ဖြည့်ဖို့ ရာသီပေါ် အသီးအနှံတွေကို စားပါ။ ပန်းသီး၊ သလဲသီး၊ သစ်တော်သီး စတဲ့အသီးတွေဟာ အကောင်းဆုံးလို့ သိရပါတယ်။
    လမ်းေးဈေးသည်တွေရောင်းတဲ့ စားစရာတွေ၊ ကြိုတင်ခွဲထားပြီးသား သစ်သီးတွေနဲ့ ကြာပြီဖြစ်တဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အမြဲသတိထားရှောင်ကြဉ်ပြီး သန့်ရှင်းအန္တရာယ်ကင်းတဲ့ အစားအစာကိုပဲ စားပါ။
    ဟင်းသီးဟင်းရွက်တွေမှာ မသန့ှ်ရင်းတွေရေတွေ၊ ရောဂါပိုးတွေ ပါနိုင်တာကြောင့် ဟင်းရွက်တွေ ကို အစိမ်းသုပ်မစားပဲ ရေနွေးဖျောပြီးမှ သုပ်စားပါ။
    အက်ဆစ်ဓါတ်မြင့်တက်ခြင်းကို ထိန်းချုပ်ဖို့ ကော်ဖီအစား ရေနွေးကြမ်းကို သောက်သင့်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားတွေကို ကာကွယ်တဲ့လက်ဖက်ခြောက်ကို ရွေးချယ်သင့်ပါတယ်။ ဂျင်း၊ ပျားရည်၊ ပရုပ်ပါတဲ့အမျိုးအစားတွေပေါ့။
    ပဲဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီတို့လို ပြည့်ဝတဲ့အဆီတွေဟာ လူကိုလေးလံထိုင်းမှိုင်းစေလို့ ရှောင်ရှား သင့်ပါတယ်။
ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲဆိုသလိုပဲ ၀မ်းမှန်နေပါက အသားအရေလည်းလှပြီး လန်းဆန်းကျန်းမာမှာဖြစ်ပါတယ်။
(၄) ပျော်ပျော်နေပါ
မိုးရာသီမှာ ဘာပဲဖြစ်နေနေ ပျော်ပျော်နေဖို့ ကြိုးစားပါ။ နေရောင်နည်းပါးတဲ့ ရာသီဥတုရဲ့ ပျင်းရိငြီးငွေ့ဖွယ် ကောင်းတဲ့ဒဏ်ကို တောင့်ခံနိုင်ဖို့ပျော်ပျော်နေတတ်တဲ့ စိတ်ကလေးကို မွေးမြူရပါမယ်။ လေးလံထိုင်းမှိုင်း နေရင် အိပ်ငိုက်ပြီး အလုပ်လုပ်ရင်လည်း အလုပ်မတွင်ပါဘူး။ ဒိန်းမတ်နိုင်ငံလိုမျိုး လပေါင်းများစွာ နေရောင် မတွေ့ရတာမျိုးမဟုတ်တော့လည်း တော်သေးတာပေါ့။ ဒိန်းမတ်နိုင်ငံသားတွေဆီကနေ သင်ယူလာတဲ့ အချက်တွေကို ပြောပြချင်ပါတယ်။
    ဗီတာမင် D-3 ပါတဲ့ ဗီတာမင်အစုံပါ အားဆေးတွေသောက်ပေးပါ။ ဗီတာမင် D ဟာ အသားအရေစိုပြေမှု၊ အရိုး၊ နှလုံး၊ ဆံပင် နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေအတွက် အရေးကြီးပါတယ်။ ဦးနှောက်ကို လန်းဆန်းတက်ကြွစေပြီး စိတ်ကိုကြည်လင်တက်ကြွစေပါတယ်။
    တက်တက်ကြွကြွရှိစေဖို့ အားကစားလုပ်ပါ။ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားပါ။ ဒါပေမဲ့ မိုးစိုမခံရအောင် လိုအပ်တာတွေယူသွားပါ။ ရန်ကုန်မြို့မှာ ရှိတဲ့ အပြင်မှာလုပ်ရတဲ့အားကစားတွေ နဲ့ အခန်းထဲလုပ်ရတဲ့ အားကစားတွေကို သိချင်ရင် ဒီ Link ကို နှိပ်လိုက်ပါ။
    ပါတီပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို သွားပါ။ မိုးရွာနေတာနဲ့ပဲ ပျော်စရာတွေကို မေ့ထားလို့မဖြစ်ပါဘူး။
    ဒိန်းမတ်လူမျိုးတွေရဲ့ Hyggelegt (ပျော်ရွှင်စွာနေနည်းလေး)ကို လုပ်ကြည့်ကြတာပေါ့။ Hyggelegt ဆိုတာ ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရပြီး နေရောင်မမြင်ရအောင် အရမ်းချမ်းလှတဲ့ ဒိန်းမတ်ရဲ့ဆောင်းရာသီမှာ ပျော်ရွှင်စေဖို့ ဖယောင်းတိုင်လေးတွေထွန်းညှိပြီး ကျင်းပတဲ့ပွဲလေးပါ။ မိတ်ဆွေတွေ စုဝေးပြီး စားကောင်းသောက်ဖွယ်တွေနဲ့ ဖယောင်းတိုင်ထွန်းကာ ပျော်ကြတဲ့ပွဲပါ။ အပြင်ထွက်ဖို့မလွယ်တဲ့အခါ အိမ်ထဲမှာ အဲလိုပွဲလေးကျင်းပလိုက်ရရင် ပျော်စရာကောင်းသွားမှာပါ။
ဒီတော့ မိုးတွင်းကာလ ငြီးငွေ့မှုဒဏ်တွေကို တိုက်ခိုက်ဖို့ လမ်းညွှန်ချက်လေးတွေကို လက်တွေ့ လုပ်ဆောင်ရင်း ရန်ကုန်မိုးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
Ref : Yangon Life
Posted By : Wai Phyoe Aung
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ