Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Bedroom

အဝတ်အစားတွေ အရောင်မှိန်မသွားအောင် ဆောင်ရမည့် (၁၀) ချက်

Updated 27th Jul 2016

Written by

Messenger, Shweproperty

 

 စာဖတ်သူဟာ အဝတ်အစားဆို ဘာတံဆိပ်ဖြစ်ဖြစ် ဂရုမစိုက်၊ အဝတ်လျှော်စက်ထဲ ပစ်ထည့်၊ ဆပ်ပြာမှုန့် တစ်ခွက်လောက်   လောင်းထည့် လိုက်ရုံဖြင့် ကိစ္စပြီးသည်ဟု သဘောထားသူလား။ ဒါဆိုစာဖတ်သူ၏ အဝတ်အစားတွေ အရောင်မှိန် ပျက်စီးသည့်ဒဏ် ခံနေရလောက်သည်။ ချစ်သူကောင်မလေး ပေးထားသည့် အနီရောင် ကိုယ်ကျပ်တီရှပ်လေး အနီရောင်မွဲမွဲဘ၀ ပြောင်းသွားလောက်ပြီ။ ဘီယွန်းစေးနှင့် တူသည်ဟု စာဖတ်သူ ထင်ထားသော အနက်ရောင် ကိုယ်ကျပ်ဝတ်စုံသည်လည်း မီးခိုးရောင်ဘက် ကူးသွားလောက်ပြီ။



          မိမိက အထိန်းသိမ်း မတတ်သဖြင့် မလိုအပ်ဘဲ အရောင်ကျွတ်ရခြင်း ဖြစ်သည်။ အဝတ်လျှော်ရာတွင် သတိထားသင့်သည့် အချက်လေး (၁၀) ချက်ကို သတိထားလိုက်ရုံဖြင့် အဝတ်အစားတွေ မလိုအပ်ဘဲ အရောင်ကျွတ်၊ အရောင်ဖျော့တာမျိုး ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်......



          ၁။ အဝတ်အစားတွေ အတွင်းဘက်မှာ ထည့်ချုပ်ပေးထားသည့် လျှော်နည်းအညွှန်း ပိတ်စလေးများကို လူတိုင်းသတိထားမိလိမ့်မည်။ ထိုလျှော်နည်း အညွှန်း အဝတ်စလေးများသည် စာဖတ်သူ အသားကို ကလိကလိနဲ့ ထိုးကာ ယားယံအောင်လုပ်ဖို့ တမင်ထည့်ပေးထားခြင်း မဟုတ်။ ထိုအဝတ်အစားကို မည်သို့လျှော်ရမည်၊ မည်သို့ မလျှော်သင့် ဆိုတာများ ရေးပေးထားခြင်း ဖြစ်သည်။ အဝတ်ကို အရောင်တောက်တောက် လတ်လတ်ဆတ်ဆတ်နဲ့ သက်တမ်းကြာကြာ ခံစေမည့် အကြံပြုချက်လေးများ ဖြစ်သည်။ သေချာဖတ်ပြီး လိုက်နာကျင့်သုံးပါလေ။



          ၂။ ရေနွေးမသုံးပါနဲ့။ အထူးသဖြင့် အဝတ်တွေ အားလုံးပေါင်းလျှော်ရမည့် အခြေအနေမျိုးတွင် ရေအေးနဲ့သာလျှော်ပါ။ ရေနွေးသည် ချည်မျှင်စ များကို ပြိုကွဲအောင် လုပ်နိုင်သဖြင့် အဝတ်အစားများ အရောင်ဖျော့လွယ်သည်။ ရေအေးသည် အဝတ်အထည်များ အရောင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ အကောင်းဆုံးကား မိမိအဝတ်အထည်များနဲ့ ကိုက်ညီသည့် ဆပ်ပြာမှုန့်မျိုးကို ရွေးချယ်အသုံးပြုဖို့ ဖြစ်သည်။



          ၃။ အရောင်ဖျော့၊ အရောင်ရင့် ခွဲလျှော်ပါ။ အရောင်ရင့် အဝတ်အစားများသည် ဆေးမည်မျှ ခိုင်ခိုင်လျှော်လျှင် အနည်းအကျဉ်းတော့ အရောင် ကျွတ်သည်ချည်း ဖြစ်သည်။ လိမ္မော်ရောင် တောက်တောက် အဝတ်အစားသည် ကြာလာလျှင် သံချေးရောင်၊ အုန်းခွံရောင် မှိုင်းမှောင်မှောင်ဘက်   ရောက်သွားသည်သာ။ သို့ဖြစ်ရာ အရောင်ရင့်ကို အရောင်ရင့်ချင်း၊ အရောင်ဖျော့ကို အရောင်ဖျော့ခြင်းသာ လျှော်တာအကောင်းဆုံး ဖြစ်သည်။ အဖြူထည်များကို သီးသန့်လျှော်ပါ။



          ၄။ အဝတ်လျှော်စက်ကို ချင့်ချိန်သုံးပါ။ ကိုယ့်အဝတ်အစားက ဘာမှပေရေခြင်း မရှိဘူးဆိုလျှင် အလွန်အမင်း လျှော်ခိုင်းသည့် ခလုတ်မျိုး မနှိပ်ပါနဲ့။ ဆပ်ပြာမှုန့်ထည့်၊ ရေနဲ့နည်းနည်း ဆေးရုံလောက်သာလုပ်ပါ။ ဘာမှမပေပါဘဲ အတင်းရော အဓမ္မလှည့်မွှေလျှော်ခိုင်းခြင်းကြောင့် အဝတ်တွေ ပိုစင်သွားဖို့မရှိ၊ ပိုနွမ်းသွားဖို့၊ ပိုရိသွားဖို့၊ အရောင်မြန်မြန် မှိန်သွားဖို့သာ ရှိသည်။



          ၅။ အခြောက်ခံစက် သိပ်မသုံးပါနဲ့။ အဝတ်အစား အခြောက်ခံစက်များသည် နာရီဝက်လောက် အတွင်း အဝတ်အထည် များကို   ခြောက်သွားအောင် အပူတိုက်ကြသည်ဖြစ်ရာ ချည်မျှင်သားများ ပူကျစ်ပြီး ကြမ်းထော်မာဆတ်လာတတ်သည်။ အကျိုးဆက်ကား ချည်မျှင်တွေပေါ် စွဲနေသော အရောင်များ မှိန်သွားပြီး အဝတ်အစားတွေ မြန်မြန်အရောင်မွဲသွားတတ်သည်။



          ၆။ မလိုအပ်ရင် မလျှော်ပါနဲ့။ အဝတ်အထည် တစ်ခုကို များများလျှော်လေ အရောင်မြန်မြန်မှိန်လေ ဖြစ်သည်။ အဝတ်တစ်ခုကို နာရီပိုင်းလောက်သာ ဝတ်သည်၊ ဘာမှလည်း မပေရေဆိုပါက အဝတ်လျှော်စက်ထဲ ထည့်မလျှော်လိုက်ပါနဲ့။ ကြိုးတန်းမှာချိတ် ပြီး နေလှန်းလေ သလပ်ခံလိုက်ရုံနဲ့တင် လုံလောက်သည်။ အချို့အဝတ်အစားများကို လုံးဝမလျှော်ဘဲပင် ဝတ်ဆင်နိုင်သည်။ Levi Strauss ဂျင်းအဝတ်အထည် လုပ်ငန်း စီအီးအို ချစ်ပ်ဘာ့ဂျ်ကဆိုလျှင် ဂျင်းထည်တွေကို အဝတ်လျှော်စက်နဲ့ ဘယ်တော့မှ မလျှော်ပါနဲ့ဟု အကြံပေးထားသည်။   ပေရေသည့်   နေရာအချို့ကိုသာ ရေလေးစွတ်၊ ဆပ်ပြာလေးပွတ်ပြီး လျှော်ကာ လှန်းထားလိုက်ရုံနဲ့ လုံလောက်သည်ဟု ဆိုထားသည်။



          ၇။ ပြောင်းပြန်လှန်လျှော်ပါ။ ထိုသို့လျှော်ခြင်းဖြင့် အဝတ်အစား အပြင်ပိုင်းချည်သားတွေ ပွန်းတီးအရောင်မှိန်နှုန်း နည်းသွားမည်။ အဝတ်လျှော်စက်က ပွတ်တိုက်ခြင်းကြောင့် ပြောင်းပြန်လှန်ထားသည့် အဝတ်အစား အတွင်းပိုင်း အပေါ်ယံချည်မျှင်တွေ သာ ပွန်းတီးအရောင်မှိန်သွားလိမ့်မည်။ မှိန်ချင်သလောက် မှိန်ပါစေ။ အပြင်ထွက်သည့်အခါ မိမိအဝတ်အစားအတွင်းပိုင်းကို မည်သူမျှ လာလှန်မကြည့်။



          ၈။ အဝတ်လျှော် ကွန်ဒီရှင်နာသုံးပါ။ ခေါင်းလျှော်လျှင် သုံးရသည့် ကွန်ဒီရှင်နာသည် ဆံပင်သားများကို ပျော့အိသွားအောင် လုပ်ပေးနိုင်သလို အဝတ်လျှော်ရာတွင် ထည့်သုံးနိုင်သော ကွန်ဒီရှင်နာသည်လည်း ချည်မျှင်စများကို အပေါ်က တစ်ထပ်အုပ်ပေးကာ ပျော့အိနေအောင် ဖန်တီးပေးသဖြင့် ပွန်းတီးခြင်းဒဏ်မှ ကာကွယ်ပေးပြီးသား ဖြစ်သွားကာ အရောင်မှိန်နိုင်ခြေ နည်းသွားသည်။



          ၉။ ရှာလကာရည် ကော်ဖီ တစ်ခွက်စာခန့်လည်း ထည့်လျှော်နိုင်သည်။ ရှာလကာရည်သည် ကွန်ဒီရှင်နာကဲ့သို့ပင် ချည်မျှင်စများကို အပေါ်က တစ်ထပ်အုပ်ပေးရာ ရောက်သဖြင့် လျှော်ဖွပ်ချိန်တွင် ပွန်းတီးခြင်း နည်းသွားကာ တော်တော်နဲ့ အရောင်မမှိန်တော့။ ရှာလကာရည်နံ့ စွဲမှာလည်း ပူစရာမရှိ။ ဆပ်ပြာမြှုပ်တွေ ရေဆေးလျှော်ဖွပ်ရင်း ရှာလကာရည်နံ့ ပျောက်သွားလိမ့်မည်။



          ၁၀။ အဝတ်အစားသစ်တွေ ဝယ်လာပြီး ပထမဆုံးအကြိမ် လျှော်လိုက်တိုင်း အနည်းနဲ့ အများတော့ အရောင်ကျွတ်သည်ချည်း ဖြစ်သည်။ ထိုပြဿနာ ကာကွယ်ဖို့ ဆားကို အားကိုးနိုင်သည်။ အဝတ်လျှော်စက် တစ်လုံးစာ အတွက် ကော်ဖီခွက်ငယ် တစ်ခွက်စာခန့် ဆားတွေထည့် ခပ်ပြီးလျှော်ပါ။ အရောင်စွဲမြဲအောင် ဆားက ကူညီနိုင်သဖြင့် အရောင်ကျွတ်နှုန်း နည်းသွားလိမ့်မည်။

 

Ref & Photo Credit : Messenger

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ