Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Flooring

အိမ်မပိုင်ပဲ ဂေါ်လီမလုပ်နဲ့

Updated 10th Dec 2015

Written by

Soe Min, Shweproperty

လည်ပင်းမှာ တစ်ကျပ်သားဆွဲထားပြီး သနပ်ခါးဘဲကျားနဲ့ အပြတ်သားပဲများတဲ့ ကုက္ကိုကြီးတွေ တောဂေါ်လီလုပ်ရတာ အားမရလို့ ရန်ကုန်မှာ ဖန်ခုန်ချင်သပဆို အရင်ဆုံးမှာချင်တဲ့စကားကတော့“အိမ်မပိုင်ပဲ ဂေါ်လီ မလုပ်နဲ့။” ဆိုတာပါပဲ။ ဟုတ်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် သူကြီးသားဆိုပြီး ဂေါ်လီလုပ်ဖို့ ရန်ကုန်တက်လာမယ်ဆိုရင် အနည်းဆုံးတော့ ရန်ကုန်မှာ အိမ်ပိုင်ကလေး တစ်လုံးလောက်တော့ ရှိမှဖြစ်လိမ့်မယ်။ နို့မို့ အိမ်လခတွေနှိပ်စက်တာနဲ့တင် ရွာမှာ ကျန်တဲ့ လယ်တွေ နွားတွေ ပြုတ်ကုန်မှာ။ ခုကာလ အိမ်လခဆိုတာများကလည်း တစ်နှစ်ချင်း တစ်နှစ်ချင်း စာချုပ်ချုပ်တာတောင် တက်လာတဲ့နှုန်းက လိုက်မမီတာနဲ့ အထက်တက်ရင်း အထက်တက်ရင်း လူတွေလည်း ခေါင်မိုးပေါ်ရောက်လုပြီ။ တစ်နှစ်တစ်ခါ အခန်းရှာပြန်တော့ ၁၂လစာတည်း တွက်မထားနဲ့ဦး။ စံနစ်ကပြောင်းသွားပတဲ့။ ပွဲစားခဆိုတာ အိမ်ရှင်က တစ်လခ၊ အိမ်ငှားက တစ်လခပေးရတာ ထုံးစံ။ အပေါ်ထပ် တက်စရာမရှိတော့လည်း ဝေးတဲ့ရပ်ကွက် ဆက်လွင့်ရတာပေါ့လေ။ မြို့ထဲကနေ၊ စမ်းချောင်း၊ လှည်းတန်း၊ သမိုင်း၊ အင်းစိန် ရွှေ့မလား။ ကျောက်မြောင်း၊ တာမွေ၊ သင်္ကန်းကျွန်း၊ ဥက္ကလာ၊ ဒဂုံထိရွှေ့မလား။ နောက်ဆုံးကျတော့ မီးခွက်ဈေး၊ ဝါယာလက်၊ ရွှေပေါက္ကံလောက်မှာ အထာကျသွားလိမ့်မယ်။ ရန်ကုန်တော့ ရန်ကုန်ပေါ့။ တစ်နေ့ အသွားနှစ်နာရီ အပြန်နှစ်နာရီလောက် ဒုက္ခခံလိုက်ရင် အိုးမကွာ အိမ်မကွာ အိပ်စက်ရတာပါ။



လာတုန်းကတော့ ရန်ကုန်မှာ တိုးတက်ရာတိုးတက်ကြောင်း အလုပ်အကိုင်လေးများ ကောင်းတာမို့ ကျွဲရောင်းနွားရောင်း ရင်းနှီးပြီး တက်လာခဲ့ရတာဆိုတော့ ဘာမှ မစုမိမဆောင်းမိပဲ ကိုယ်တီးလက်ကျွတ်တော့ ဘယ်သူပြန်ချင်ပါ့မလဲ။ လခစား အလုပ်အကိုင်ဆိုတာကလည်း တစ်လတစ်လ ဘယ်နှစ်သိန်း ဘယ်နှစ်သိန်းရတယ် လို့သာ လူကြားကောင်းတာ။ စားရိတ်တွေ ပွန်းတော့ ဘာမှမကျန်ဘူး။ လူတန်းစေ့အောင်တောင် မနည်းသုံးရတယ်။ ဒီလိုနဲ့ပဲ အိမ်ငှားသက်တမ်း စေ့တဲ့အချိန်   ရောက်ခါနီးရင်  “လေရူးလေးတွေကအပွေ   လေပြေလေးတွေကအတိုက်၊ အဖေရယ် သိန်းတစ်ရာလောက် ပို့လိုက်စမ်းပါဦး။”လို့ ပတ်ချွဲနှပ်ချွဲ လွမ်းစာလေးတွေရေးလို့ ကိုယ့်အိမ်ကိုယ်ပြန် နှူးရနှပ်ရလေတယ်။ ချိုရာချောင်ကြောင်း အိမ်ခန်းကောင်းကလေးများ ရဖို့ဆိုတာလည်း အရပ်တကာလှည့်ရလွန်းလို့ အောင်သွယ်နဲ့ မငြားပဲ ပွဲစားနဲ့ညားရဦးတော့မလိုလို။ “အဲ့ဒါကြောင့်မို့ ပြောတာပါ အဘရယ်။ သားတို့ဂေါ်လီလုပ်ချင်လွန်းလို့ အိုးပိုင်အိမ်ပိုင်ကလေး တစ်လုံးလောက် ရန်ကုန်မှာ ဝယ်ပေးစမ်းပါဗျာ။ နော့။” လို့ ကိစ္စပြတ်အောင် ပွဲသိမ်းတဲ့အခါမှာပဲ သားအဖတတွေ ဒုက္ခနဲ့ လှလှနဲ့ အားရပါးရကြီး   တွေ့ကြလေတော့သတည်း။



ကိုယ်ငယ်ငယ်တုန်းကတော့ အဲ့သလိုမျိုး မဟုတ်ကဟုတ်က မဖြစ်နိုင်တာတွေကို အဖွားဆီ ပူဆာရင်အဖွားက မဆိုင်းမတွ “အေး အေး။ နင်တို့ ပူဆာတာ ဝယ်ပေးဖို့ အိုနာဆစ်လာတော့ ပြော။ ငါ မယားငယ်သွားလုပ်လိုက်ဦးမယ်။” လို့ ပြန်ပြောလေ့ရှိပါတယ်။ အခုခေတ် ရန်ကုန်မှာ အိမ်ပိုင်တစ်လုံးလောက် ဝယ်ဖို့အရေးကလည်း အိုနာဆစ်ကြီး မယားငယ်လောက်မှ တတ်နိုင်မယ့်ပုံပေါက်ပါတယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ တစ်စတုရန်းပေပတ်လည် မြေဈေးဟာ အမေရိကားက ဘီဗာလီဟေးလ်တို့ လက်စ်ဗီးဂတ်စ်တို့ထက်တောင် မြင့်သေးသတဲ့။ ကိုယ်ဖြင့်မဝယ်နိုင်ပဲနဲ့ ကောလာဟလတွေ လာဖြန့်နေတယ် မထင်နဲ့နော်။ သိန်းကိုးထောင်ခေါ်ထားတဲ့ မိတ်ဆွေတစ်ယောက် ရဲ့ ပေလေးဆယ်ခြောက်ဆယ်ကလေးဟာ ဝင်ဒါမီယာမှာ မဟုတ်ဘူး။ သင်္ကန်းကျွန်းဈေးနောက်က လမ်းကြားလေးထဲမှာ။ သိန်းနှစ်ထောင်လောက်နဲ့ လိုချင်ရင် ဟိုးတောင်ဒဂုံ အစွန်အဖျားမှာပဲ ရမတဲ့။ ခင်ဗျားက နိုင်ငံခြားက စုမိဆောင်းမိလာလို့ သိန်းသုံးထောင်လောက် ပိုက်လာတာဆိုရင် မြေကို အိပ်မက်မမက်နဲ့။ ကွန်ဒိုတိုက်ခန်း တစ်ခန်းပဲရမယ်။ ၁၀၀၀ စတုရန်းပေ ပဲ ကျယ်မယ်။ အဲ့ဒါ ကာလပေါက်ဈေး။ အကျိုးဆောင်ခ သပ်သပ် ပေးရဦးမှာ။ အစိုးရလခစားလုပ်ပြီး အဲ့လို ကွန်ဒိုတွေ ဆယ်လုံးလောက် အရောင်းအဝယ်လုပ်နိုင်တဲ့ ဘဘကြီးတွေများ လွှတ်အံ့သြဖို့ကောင်းတာပဲ။ ကိုယ့်လခနဲ့ စားကြည့်လိုက်ရင် အဲ့လိုနေနိုင်ဖို့ ဆယ်သက်စုတောင် မပြည့်သေးဘူး။ သူတို့ကျတော့ တော်တော် အစုအဆောင်း ကောင်းပုံရတယ်နော်။ တော်ပါပြီကွယ်။ သူများကုသိုလ်နဲ့ သူများ ကြီးပွားချမ်းသာနေတာကို မစားရအညှော်ခံ ဝန်တိုမစ္ဆရိယစိတ်တွေ မပွားချင်ပါဘူး။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောရအောင်နော့။



မောင်စံဖားတို့ အဖိုးအဖွားတွေ စစ်ကြီးပြီးလို့ ရန်ကုန်တက်လာတော့ အစက နေစရာအိမ် ဘယ်ရှိဦးမလဲ။ စကော့မတ်ကက်အပေါ်ထပ်က အခန်းလေးတစ်ခန်းမှာ ခနနေရသတဲ့။ နောက်တော့ စတော့ဂိတ်လို့ခေါ်တဲ့ သိမ်ဖြူကုန်းအလွန် ဗိုလ်ချုပ်လမ်းမပေါ်မှာ တဲတန်းကလေးတွေထိုးလို့ နေကြပြန်သတဲ့။ အဲ့ဒီတုန်းကတော့ ရေကျော်ဆိုတာ အခုလို လမ်းကလေးတွေ ပီပီပြင်ပြင်တောင် ဖြစ်သေးတာ မဟုတ်ဘူး။ တဲကလေးတွေများတယ်။ မြေစိုက်ပျဉ်ထောင်အိမ်ဆို တော်တော် ဟုတ်နေပြီ။ ဦးနုအစိုးရတက်လာတော့ တဲပေါ်ကလူတွေ တိုက်ပေါ်ရောက်ရမယ်ဆိုပြီး တဲတန်းလျားကို တိုက်ပြင်ဆောက်တော့ အဲ့ဒီနားက ဆေးလိပ်ခုံပိုင်ရှင်သူဌေးက နှစ်ထပ်တိုက်တန်းလျားကလေး လေးခန်းတွဲဆောက်လိုက်တယ်။ ဒါပေမယ့် မူလကတဲရှင်တွေကို ပေးရမယ့်အစား သူ့ဘာသာသူ ဘယ်သူမှ မသိအောင် ရောင်းစားသွားတော့ ကိုယ်တို့အဖိုးအဖွားတွေ နေရင်းထိုင်ရင်း ဘုံပျောက်သွားတယ်။ အမှုအခင်းတွေလည်း ဖြစ်ရတယ်။ အဲဒီတုန်းကတော့ ငွေများတရားနိုင်တဲ့ခေတ်မို့ အခန်းပြန်မရဘူးတဲ့။(ခုခေတ်တော့ မဟုတ်တာကျနေတာပဲ)



အဲ့ဒီအချိန်မှာ အဘိုးက မမာလို့ အိပ်ယာထဲလဲပြီ။ အဖေက အသက် နှစ်ဆယ် မပြည့်သေးဘူးတဲ့။ မကြာဘူး။ အဘိုးဆုံးတဲ့အခါ အဖေ့မိတ်ဆွေ ကျားပျံမကောက် သူဌေးက သနားလို့ဆိုပြီး သူ့တိုက်ခန်းတစ်ခန်းမှာ ပေးနေတယ်။ စပေါ်ပေးစရာ မလိုဘူး။ အိမ်လခ တစ်လကို တစ်ရာ့ငါးဆယ်ပဲ ပေးရတယ်။ အဲ့ဒါကို အပျောက်စံနစ် လို့ ခေါ်သတဲ့။ အဲ့ဒီအချိန်က အိမ်လခ တစ်လ ၁၅၀ ဆိုတာ တော်တော်တော့ များသား။ ဒါပေမယ့် အဲဒီ ၁၅၀ က ကိုယ့်အဖေ အိမ်ထောင်ကျပြီး ကလေးတွေသာ တစ်ယောက်ပြီးတစ်ယောက် မွေးလာတယ်။ ၁၅၀ ပဲ။ မတက်ဘူး။ အဲသည်တိုက်ခန်းကလေးထဲမှာ အထပ်ခိုးကလေး ချဲ့ရင်းချဲ့ရင်း ကိုယ်တို့မောင်နှမတတွေ လူလားမြောက်လာကြတယ်။ ကိုယ့်အဖွားကတော့ ကျားပျံမကောက်သူဌေးကို သိပ်ကျေးဇူးတင်တာ။ သေသည်အထိ ကျားပျံမကောက်ဆေးလိပ်ကိုပဲ စွဲစွဲမြဲမြဲ သောက်သွားတယ်။ သူသည်အိမ်ကို တစ်လ ၁၅၀ ပေးနေတဲ့အချိန်မှာ ရေကျော်ထဲက အိမ်တွေလိုချင်ရင် အိမ်ရောမြေရောပါမှ ထောင့်ငါးရာလောက်ပဲ ပေးရတာ လို့ ပြောတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်တို့တစ်သက် အိမ်ရှင်အိမ်ငှား စကားပြောဆိုရတယ်ဆိုတာ တစ်ခါမှ မရှိဖူးဘူး။ လေးခန်းတွဲ နှစ်ထပ်တိုက်ကလေးမှာ ဟိုးဘက်ထောင့်စွန်း မြေညီထပ်အခန်းကလေးကလွဲရင် ဘယ်အိမ်ဘယ်အခန်းကမှ အပြောင်းအလဲ အဝင်အထွက် မရှိကြဘူး။ သည်အိမ်နီးချင်းတွေဟာ သည်လိုပဲ သူ့တစ်သက်ကိုယ့်တစ်သက် အတူတူ မပြောင်းမလဲ နေကြထိုင်ကြတယ်။



အဖွားဆုံးတော့ အိမ်အပေါ်ထပ်က မိသားစုဟာ ရက်လည်အောင်စောင့်ပြီးတော့မှ စကားတစ်ခွန်းလာပြောတယ်။ သည်အိမ်ကြီးကို အသစ်ပြင်ဆောက်ချင်ပြီတဲ့။ သူတို့က အဖွားရှိကတည်းက ခနခန လာလာနားသွင်းနေတာလို့ ပြောတာပဲ။ အိမ်ကြီးက အိုနေပြီ။ ညဆို ပြိုကျမှာကြောက်လို့ အိပ်လို့တောင် မပျော်ဘူး။ ဘာဘူး ညာဘူးပေါ့။ အဖွားကတော့ အကောင်းကြီးအလတ်ကြီးပဲ ရှိသေးတဲ့တိုက်မို့ အသစ်မဆောက်ချင်သေးတဲ့အကြောင်း ငြင်းခဲ့ပေမယ့် အဖွားမရှိတဲ့နောက် ဒါကြီးက ကိုယ်တို့ခေါင်းပေါ်ရောက်လာတာပေါ့လေ။ ကိုယ်တို့ဘက်က စဉ်းစားရတာကတော့ ကိုယ့်အခန်းကိုယ် ပြန်လိုချင်ရင် “ငွေဘယ်လောက်တောင် လိုက်ရမှာတုန်း” ပေါ့။ သူတို့က “ဆင်းချင်ရင် သူတို့အမ်းမယ်။ နေချင်ရင် သူတို့ကို အမ်း။” တဲ့။ အိမ်အဟောင်းကနေ အသစ်ဖြစ်ချင်ရင် ထိုက်တန်တဲ့အဖိုးအခတော့ ပေးရတာပေါ့လေ။ ရှစ်သိန်း ထပ်ပေးခဲ့ရတယ်။ ဒါပေမယ့် အဆင်မပြေတာက အဲသည်အချိန် အဲသည်အခါက စည်ပင်သတ်မှတ် အိမ်ပုံစံအရ တိုက်ခန်းဟာ အထပ်ခိုးထည့်လောက်အောင် အမြင့်ပေ မထားတော့ဘူး။ သူ့ထက်စောတဲ့ တိုက်တွေမှာ ဟောင်ကောင်နှစ်လွှာ ပြန်ရပြီး သူ့ထက် နောက်ကျဆောက်တဲ့တိုက်တွေကျတော့ မြေညီထပ်ကို ထပ်ခိုးထည့်လို့ရအောင် မြှင့်ထားတယ်။ အဲ့ဒီအချိန်ကလေးမှ ကြားကျပြီး ဆောက်လိုက်မိတဲ့ ကိုယ်တို့အိမ်ကလေးမှာတော့ ထပ်ခိုးတစ်ထပ်စာ ပျောက်သွားပါလေရော။ ဘယ်တတ်နိုင်မလဲလေ။ စည်းကမ်းအတိုင်းပေါ့။ အိမ်ရှင်ကို ကျေးဇူးရှင်လို့ မှတ်ထားတာဆိုတော့ သူ့အကျိုးစီးပွားကိုလည်း ကိုယ့်ကြောင့် မနစ်နာစေချင်ဘူး မဟုတ်လား။ တွေးမိတာကတော့ သည်အိမ်သည်တိုက်ဟာ အဖွားနေဖို့ ကုသိုလ်ကံနဲ့လာတာမို့ သူမရှိတော့တဲ့ခါ သူ့အိမ်ကလေးလည်း ဖျက်ဆောက်ရတော့တယ် လို့ အောင့်မေ့တာပဲ။



သိပ်ပြီး ပူပူပင်ပင် မရှိလိုက်တဲ့အကြောင်းကတော့ အဖွားဟာ သူရှိတုန်း သူ့မြေးကလေးကို ရေကျော်ထဲမှာ အိမ်ခန်းကလေးတစ်ခန်း ဝယ်ပေးထားနှင့်တာကိုး။ ကိုယ်မှာဆင်ထားတဲ့ လက်ဝတ်လက်စားကလေးတွေပါမကျန် ထုခွဲရောင်းချပြီး ဝယ်လိုက်မိတဲ့ အဲသည်တိုက်ခန်းကလေးက ၁၂ ပေခွဲ၊ ပေ ၆၀ ပဲ ကျယ်ပါတယ်။ ဒါပေမယ့် ဟောင်ကောင်ပုံနှစ်လွှာ မြေညီထပ်ကလေးမို့ အောက်ထပ်မှာ ကားသိမ်းလို့တောင် ရသေး။ ဈေးကတော့ ဆယ့်သုံးသိန်း နဲ့ ခုနစ်သောင်း ပေးရပါတယ်။ အဖွားနဲ့အဖေတို့တစ်သက် ဒိုးတူဘောင်ဘက်လုပ်လာခဲ့တဲ့ စာပုံနှိပ်လုပ်ငန်းကလေးကလွဲလို့ ဘယ်ကမှ အပြင်ဝင်ငွေ ရပေါက်ရလမ်း မရှိတဲ့မိသားစုက ခြစ်ခြုတ်ကုတ်ကပ်ပြီး ဝယ်ထားတဲ့ ပိုက်ဆံတွေကို အစိုးရက ငွေဖြူလို့ မသတ်မှတ်ပါဘူး။ နှစ်တိုင်းလည်း အမြတ်တော်ကြေးတွေ၊ ဝင်ငွေခွန်တွေ မပျက်မကွက် ပေးဆောင်နေခဲ့တဲ့ကြားထဲက ကိုယ်တို့တိုက်ခန်းဝယ်တဲ့ ငွေပမာဏဟာ ငွေမည်းတွေဖြစ်နေသတဲ့။  (ဘယ်သူက လာအိုးမည်းသုတ်သွားတယ် မသိပေါင်ဗျာ) ထားပါတော့လေ။ ကြည်ကြည်ဌေးတို့ ဝင်းဦးတို့ဆို အဲသည်အမြတ်တော်ကြေးလာရင် ရှိသမျှပြန်ရောင်းပြီး ဒေဝါလီတောင် ခံရသေးတဲ့ဥစ္စာ။ တော်ပါသေးရဲ့။ မိမိသဘောဆန္ဒအလျောက် ဝင်ငွေကြေညာလွှာတင်သွင်းပြီး ၂၀% ဆောင်ရင်ရတယ်ဆိုလို့ အလုံးကြီးကျသွားတာ။ နို့မို့ဆို ၅၀% ဆောင်ရမတဲ့။



စစ်ပြီးကာစမှာ အိမ်ခြေယာမဲ့ မုဆိုးမဘဝက လာခဲ့တဲ့အဖွားဟာ သူတတ်တဲ့ သမာအာဇီဝအလုပ်နဲ့ လုပ်ရင်းကိုင်ရင်း သားဖြစ်သူ မျက်နှာလွှဲသွားတဲ့ မောင်နှမခြောက်ယောက်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပညာသင်ပေး ဝမ်းဝအောင်ကျွေး၊ ခါးလှအောင်ဆင်နိုင်တဲ့အပြင် သူမသေခင် သူ့မြေးအတွက် အိမ်ခန်းတစ်ခန်း အဖတ်တင်အောင် စုဆောင်းသွားခဲ့နိုင်ပါတယ်။ ခုချိန်မှာ ကိုယ်က သူ့နေရာဝင်ပြီး ရုန်းရမယ်ဆို ခုတစ်သက်မပြောနဲ့ နောက်ဆယ်သက်လည်း ဖြစ်မှာ မဟုတ်ဘူး။ ဆရာဝန်ကြီးဆို။ ခွဲစိတ်အထူးကုကြီးဆို။ ဖေ့စ်ဘုတ်ပေါ်မှာ တော်တော် နံမယ်ကြီးတဲ့ စာရေးဆရာကြီးဆို။ ငါ့နှယ် မျက်နှာသာ ဒါးနဲ့လှီးပစ်ချင်တော့တယ်။ ခုထိ လခနဲ့မလောက်လို့ အိမ်ပြန်ပြန်တောင်းနေရတုန်း။



ဒါပေမယ့်လည်း ကိုယ့်ခေတ်ကိုယ့်အခါမှာ အိမ်ကလေးတစ်ခန်းတောင် မဝယ်နိုင်ဘူးလားလို့တော့ မထင်ပါနဲ့။ ဆေးရုံမှာ အလုပ်လုပ်နေတုန်းက အပြင်ပုဂ္ဂလိကဆေးခန်းမှာ အလုပ်ဝင်နေတဲ့ သူငယ်ချင်းစုံတွဲက မင်္ဂလာဆောင်ဖို့ ခွင့်တစ်လယူချင်တော့ သူတို့နေရာ ဝင်ဆင်းပေးဖို့ လူစားရှာပါတယ်။ ကျန်တဲ့ဆရာဝန်တွေကလည်း သူငယ်ချင်းတွေမို့လို့ “အားလုံးအဆင်ပြေရင် နိုက်ဂျူတီချည့်ပဲ ဆင်းပေးမယ်။ သုံးရက်ဆင်းပြီးရင် တစ်ရက်ပေးနား။” လို့ ညှိကြည့်တော့ သူတို့ဘက်ကလည်း နိုက်မဆင်းချင်တာနဲ့အတော်ပဲဆိုပြီး နှစ်ဦးနှစ်ဘက် သုံးဦးသုံးဘက် အဆင်ပြေသွားပါတယ်။ ပင်တော့ ပင်ပန်းတာပေါ့။ နေ့ဘက်ဆို ဆေးရုံမှာ။ ညဘက်ဆို ဆေးခန်းမှာ။ သုံးရက်ပေါင်းပြီးမှ တစ်ည အဝအိပ်။ နေ့ဘက်မှာ ရသမျှ အချိန်ကလေးငိုက်။ ဂျပန်က ရထားပေါ် ငုတ်တုတ်ငိုက်တဲ့သူများလို ဆယ်မိနစ်ရရ၊ ဆယ့်ငါးမိနစ်ရရ၊ ငိုက်တတ်သွားတယ်။ လကုန်တဲ့အခါ လခရော ပူးမန်းနီးရော ပေါင်းလိုက်တော့ နှစ်သောင်းခွဲရတယ်။ ဆေးရုံကလခက ၁၅၇၅ ကျပ်ရယ်။ ကံကောင်းချင်တော့ ညီမရဲ့သူငယ်ချင်းက အိုးအိမ်မှာ အလုပ်လုပ်တယ်။ လှိုင်သာယာဘက်က ကျန်စစ်သားအိမ်ယာမှာ တန်ဖိုးနည်းအိမ်ယာတွေ မဲနှိုက်ပေးမယ်။ မည်သူမဆို စပေါ်ငွေ နှစ်သောင်းတင်၍ မဲနှိုက်နိုင်တယ်ဆိုတော့ ကြွက်သေတစ်ခု အရင်းပြုပြီး ကိုယ်ရတဲ့ ငွေနှစ်သောင်းနဲ့ ကံဝင်စမ်းလိုက်တယ်။ မပေါက်ရင် ပြန်အမ်းတယ်ဆိုတော့ အရှုံးမရှိဘူးလေ။ ငွေပြန်အမ်းတဲ့နေ့ကျ “ခင်ဗျားနံမယ် အမ်းတဲ့အထဲ မပါဘူး။” ဆိုလို့ စိတ်တွေဆိုးလိုက်တာ။ လူကို ဒီလိုလုပ်လို့ရရိုးလား။ “မျဝူး။ မျဝူး။ အခုချက်ချင်း အမ်း။” ဆိုပြီး ပွဲကြမ်းပလိုက်တော့ ဟိုက“ပေါက်များပေါက်နေသလား သွားကြည့်ပါဦး။” လို့ သူ့ရှေ့က မြန်မြန်သွား အေးရော သဘောထားပြီး နှင်တယ်။ “အေးပါ။ မဟုတ်လို့များကတော့ နင်နဲ့ ငါ နဲ့ ငါ နဲ့ နင် နဲ့ …” ဆို သွားပြန်ကြည့်တော့ အဟုတ်ကြီးဗျာ။ မြေညီထပ် ထောင့်ခန်းကြီးကို ပေါက်နေတာ။ အိုး။ အိမ်ကို ကျွမ်းပစ်ပြီးကို ပြန်ပြေးသွားတာပေါ့။



ဒါပေမယ့်လည်း ဦးရယ်။ လူဆိုတာဟာ ခက်တယ်။ ငွေနှစ်သောင်းတော့ သွင်းနိုင်တာပေါ့ လို့။ ဘာအရေးလဲ။ တိုက်ခန်းတန်ဖိုးကို အရစ်ကျဆက်သွင်းရင် အားလုံးပေါင်း ကိုးသိန်းပြည့်အောင် သွင်းရမယ်။ စားကြည့်စမ်းပါ။ ကိုးသိန်းပြည့်ဖို့ လခထောင့်ငါးရာ ဘယ်နှစ်လ စုရမလဲ။ အဲ့ဒီအချိန်မှာ လူစားခေါ်တာတွေဆက်ပြီး သျှင်ပါကူမှာ ဆက်လုပ်ဖြစ်နေပါပြီ။ ဝင်ငွေလည်းကောင်းပါတယ်။ ဝင်သားပဲ လေး ငါးခြောက်သောင်း။ ဒါပေသိ မမီသေးဘူး။ နောက်ဆုံးတော့ ဘာလုပ်ရမှန်းမသိလို့ ထုံးစံအတိုင်း ဗေဒင်သွားမေးတယ်။ ဗေဒင်ဆရာမက “နင်ရောင်းမလား။ ဘယ်လောက်ရရင် ရောင်းမလဲ” တဲ့။“လေးသိန်းရရင် ရောင်းမယ်” ဆိုတော့ နောက်နေ့ ဝယ်သူခေါ်ပြီး တစ်ခါတည်း တည်ပေးတယ်။ ယတြာတောင် မချေလိုက်ရဘူး။ ရတဲ့ပိုက်ဆံလေးတွေဟာ အရင်တုန်းကလို ရွှေဝယ်မယ် စိန်ဝယ်မယ် မစုကြတော့ဘူး။ ကားကလေး လဲလဲစီးတယ်။ အိမ်ကလေးတွေ ပြင်ရတယ်။ အစပိုင်းတော့ မြင့်မြင့်လာတာပေါ့။ နောက်တော့ ပြန်လုံးပါးပါးတယ်။ ဘာလို့ဆိုတော့ အရေးရယ် အကြောင်းရယ်ဆိုရင် သည်ထဲကပဲ ပြန်ပြန်ထုခွဲရတာကိုး။ သားဆရာဝန်တွေမွေးထားလို့ သူတို့အသက်မွေးဝမ်းကြောင်းအတွက် မပူရပေမယ့် သူတို့မင်္ဂလာဆောင်ချင်လာရင် ပေးဝေနှီးရင်းစရာ သည်ထဲမှာပဲ ရှိတယ်။ ဆရာဝန်မဖြစ်တဲ့သားတွေကျတော့ နိုင်ငံရပ်ခြား ထွက်ကြိုးစားဖို့၊ တစ်ခုမျှလျှက် အသက်မွေးကျောင်း ဖြစ်တုံရှောင်းဖို့ သည်ထဲကပဲ ရင်းနှီးရတယ်။ သည်လိုနဲ့ သားတွေသမီးတွေ အတောင်အလက်စုံတဲ့အခါမအေမှာ စီးစရာကားမရှိတော့ဘူး။ ကိစ္စမရှိဘူးလေ။ စီးချင်ရင် ဘယ်သားခေါ်ခိုင်းခိုင်း ရသားပဲ။



အဖွားနေတဲ့အိမ်ဟာ အဖွားဆုံးတော့ သူ့အိမ်ရှင်သက်တမ်းကုန်ပြီး ပြန်ဆောက်ရသလိုပဲ အဖွားက ကိုယ့်ကိုဝယ်ပေးတဲ့ တိုက်ခန်းကလေးကလည်း ကိုယ်အိမ်ထောင်ကျလို့ အဲ့ဒီအိမ်ကထွက်တဲ့အခါ သက်တမ်းကုန်သွားသလား မသိပါဘူး။ ဟောင်းတောင် မဟောင်းရသေးခင် ပြန်ဖျက်ဆောက်ဖို့ ကိန်းကြုံလာတယ်။ ဘေးအိမ်က တိုက်သစ်ဆောက်တဲ့အခါ ကိုယ်တို့အိမ်နံရံကနေ အောက်ဘက်ကို တည့်တည့်တူးချသွားတာ တိုက်နှစ်လုံးကြား ကြောင်တစ်ကောင်တောင် ဝင်လို့မရဘူး။ သူ့ဘက်ကမြေကို ကျယ်နိုင်သမျှ အကျယ်ဆုံး ယူလို့ရအောင်တဲ့။ ကိုယ်ကမှ ဆရာဝန်မို့လို့ အဲသလို ဆောက်ခွင့်မရှိဘူးဆိုတာ မသိတာ မဟုတ်ပါဘူး။ တိုက်ဆောက်စားနေတဲ့ ကံတရိုက်ကြီးကိုယ်တိုင်က ဒါ သူလုပ်နေကျ။ ဘာမှ ဖြစ်စရာမရှိဘူး လို့ ဘူးခံပြီး ငြင်းပါတယ်။ ကိုယ်တို့ဘက်က မိုးမပြိုဘူး။ ပြိုခဲ့သော် နဲ့ သူ့ဆီသွား အကြောင်းကြားတာ မဟုတ်ပါဘူး။ သူတူးလိုက်တော့ အဲဒီဘက်က တိုက်နံရံက အောက်ကို ကျွံဝင်သွားပြီး တာရာဇိုခင်းထားတဲ့ ကိုယ်တို့ကြမ်းပြင်ကြီး ခါးလယ်က ထက်ပိုင်းအက်လာတာကြောင့်ပါ။ တကယ်တမ်း စိတ်ဆိုးရမယ့် ကိုယ်တို့ထက် သူကအများကြီး ပိုစိတ်ဆိုးပါတယ်။ “ဒါကတော့ ခများတို့တိုက်က ကောင်းမှ မကောင်းတာ ခံပေါ့။” လို့ ပြောတယ်။ ဟုတ်ပါပြီ။ တိုက်က မကောင်းဘူး။ ဒါပေမယ့် သူမတူးခင်အထိတော့ အကောင်းကြီး ရှိသေးတယ်လေ။ တိုင်ချင်ရာတိုင်လို့ လူမိုက်စကားပြောတဲ့အခါ ကိုယ်တို့လည်း စည်ပင်မှာ တိုင်ရတမ်းရပါတယ်။ ရုံးချိန်းပေါင်းများစွာ သွားရတယ်။ လူကြီးအိမ် ခနခန သွားတွေ့ရတယ်။ အလုပ်ပျက်အကိုင်ပျက် မျက်နှာကလည်း ငယ်လိုက်ရတာ။ ကိုယ်က မဟုတ်တာလုပ်နေတဲ့အတိုင်းပဲ။ နောက်ဆုံးမှာ အမှန်တရားအတိုင်းလည်း မဖြစ်ချင်နေပါစေတော့။ ရုံးရောက်ဂတ်ရောက် ဟိုကဟောက် သည်ကဟောက်နဲ့ နာမ်နိမ့်လိုက်တာ လို့ အောင့်မေ့မိတယ်။ အမယ် ဘာတွေ ပူနေတာလဲ။ တရားအတိုင်းဖြစ်ရအောင် ကိုယ်ကဖြင့် ဘာကောင်မှ မဟုတ်ပဲနဲ့။ ထုံးစံအတိုင်းပဲ ဖြစ်သွားတာပေါ့။ စစ်ဆေးရေးအဖွဲ့တွေ အိမ်လာပြီး “အောင်မယ်လေး။ ဒါလေးများ ကမ္ဘာအေးသွား၊ ဗမာဆေးစား။” လို့ သံမံတလင်းလေး ပြန်ခင်းလိုက် ပြီးသွားမယ့်ဟာကို တော်တန်တိတ်၊ ငါးကြော်ပန်းကန်ဖိတ် လုပ်သွားတယ်။ ကောင်းပြီလေ။ ဒါဆိုလည်း သံမံတလင်းခင်းဖို့ အဖိုးအခယူပြီး ကိုယ့်အိမ်ကိုယ် သံမံတလင်း ပြန်ခင်းလိုက်တာပေါ့။



တော်ပြီ တန်ပြီ။ သည်လူတွေနဲ့ သည်ဘ၀ သည်မျှလို့ သံယောဇဉ်ဖြတ်ပေမယ့် မောင်မင်းကြီးသား တွေက ရေစက်မကုန်စေချင်ကြဘူး။ ဟိုဘက်တိုက်ကြီးပြီးတာနဲ့ သည်ဘက်တိုက်ကြီးက လူနေထိုင်ရန် မသင့်သော အန္တရာယ်ရှိ အဆောက်အဦကြီးပါ လို့ စာလာကပ်ပြန်တယ်။ အံ့သြဖို့ကောင်းလိုက်တာ။ ဘာတစ်ခုမှ မထိခိုက်ဘူး။ သံမံတလင်းကလေးပဲ အက်ရာထင်တာပါဆိုတာလည်း သူတို့ပဲ။ တစ်နှစ်အတွင်းမှာ ဖောင်ဒေးရှင်းကြီး နာသွားပြီ။ လူနေထိုင်ရန် မသင့်တော့ပါဘူးဆိုတာလည်း သူတို့ပဲ။ မျက်နှာပြောင်လိုက်ပုံများဆိုတာ။ ထုံးစံအတိုင်း ကိုယ့်အခန်းကိုယ်ပြန်ရဖို့ ပိုက်ဆံတွေနင့်နေအောင် ထပ်လိုက်ရပြန်တယ်။ ကိုယ့်အလှည့်ကျတော့ ဟိုဘက်တိုက်နဲ့ ၂ပေခွာဆောက်ရမယ် ဆိုတော့ အခန်းက ပိုကျဉ်းသွားတာပေါ့လေ။ ဟောင်ကောင်၂လွှာပါလို့ သေသေချာချာ ပြောပြီးဝယ်ထားတာတောင် အဲဒါတွေ ခေတ်မရှိတော့ဘူး။ တစ်ထပ်ကတစ်ထပ်ပဲရမယ်။ ထပ်ခိုးလိုချင် ကိုယ့်ဘာသာထည့်ယူဆိုလို့ ကုန်ပြန်ပါရော သောက်သောက်လဲ။ ကံထရိုက်က ဖြစ်သလိုဆောက်သွားလို့ အိမ်ရှင်က သူ့အိမ်ကလေး မခိုင်မမာ မတောင့်မတင်းဖြစ်မှာ စိုးတယ် မထင်နဲ့။ မခိုင်အောင်ဆောက်လို့ မြန်မြန်ပြိုကျလေ၊ နောက်တစ်ခါ အသစ်ပြန်ဆောက်တော့ ကံထရိုက်ရော အိမ်ရှင်ရော ပိုက်ဆံတွေ ထပ်ရလေဆိုတော့ ဖြစ်များဖြစ်နိုင်ရင် နိုင်လွန်ဝေဖာနဲ့များ ဆောက်ချင်ကြဦးမလား မသိပါဘူး။ စေတနာတွေ ဝေဒနာတွေ တောမှာသွားပြော။ ဒါ ရန်ကုန်။ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။



ဆိုလိုတာကတော့ ရန်ကုန်မှာနေရင် အိမ်ငှားနေတာဆိုရင်လည်း တစတစနဲ့ အပြင်ရောက်ရောက်သွားသလိုပဲ၊ အိုးပိုင်အိမ်ပိုင်သမားတွေလည်း ကိုယ့်နေရာကိုယ် မြဲမြဲကလေးနေချင်ရင် အထုပ်အထည်ကလေး ထုခွဲပေးဆပ်စရာ လုံလုံလောက်လောက် ရှိဦးမှ ဖြစ်တာပါလေ။ နောက်ဆုံးတော့ ကံအကြောင်းတရားလို့ပဲ အောင့်မေ့ရတာပေါ့။ တောကတက်လာတဲ့ ရေးတတ်ဖတ်တတ်ရုံ အမေမုဆိုးမ အဖွားမုဆိုးမကြီးတွေတောင် သည်ခေတ်သည်စံနစ်ကို တောင့်ခံသွားနိုင်သေးတာ။ သူတို့သင်ပေးထားတဲ့ ဘွဲ့ရပညာတတ် သားမြေးများလက်ထက်မှ ရွာမှထွက်လေ တောမှာသေသည် ဖြစ်လို့ ဘယ်ကောင်းပါ့မလဲ။ ဘာတွေလုပ်ပြီး ဘယ်လိုနည်းနဲ့ စုမိဆောင်းမိမယ်တော့ မပြောတတ်ဘူးပေါ့လေ။ လှံထမ်းလာတာသာမြင်ရတာ ကံထမ်းလာတာ မမြင်ရဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် အားပေးရတယ်။ တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။ ကိုယ့်လုပ်စာနဲ့ ရှာထားဖွေထားတဲ့ သမာအာဇီ၀ အိမ်ကလေးတစ်လုံး။ ယုံကြည်စွာနဲ့ မျှော်လင့်မိရင်း…။

 

Written By : Soe  Min

Photo Credit : rgvillas

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ