Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

ထူးခြားတဲ့ ဗိသုကာလက်ရာများနဲ့ အသက် (၁၀၀) အဆောက်အဦး

Updated 2nd May 2017

Written by

Wut Yee Htun, Shweproperty

 

တရုတ်နန်းတွင်းဇာတ်ကားတွေကို လူတိုင်းကြည့်ဖူးကြမှာပါ။ တရုတ်ဘုံကျောင်းလို အဝင်မုခ်ပေါက်ဝ ကနေတစ်ဆင့် လျှောက်လမ်း ရှည်ကြီးအတိုင်းဝင်သွားလိုက်ရင် ငါးထပ်အဆောက်အဦးရှိတဲ့ တရုတ်နန်းတော် တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအဆောက်အဦးရဲ့ အပြင်ဘက်က ထိပ်ဆုံးဗဟိုတည့်တည့်မှာတော့ သံထည်နဲ့ ပုံဖော်ထားတဲ့ ကြက်ဖပုံကို တပ်ဆင်ထားပါတယ်။ ဒီအဆောက်အဦးကို ဘယ်သူတည်ဆောက်ခဲ့ တာလဲ?



ဟောင်းနွမ်းပြီး ဆွေးလုနီးပါးဖြစ်နေတဲ့ ဒီအဆောက်အအုံကို လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ခန့်က တရုတ်သူဌေးကြီး Lim Ching Tsong ဆိုသူက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တရုတ်သူဌေးကြီးရဲ့နာမည်ကို အစွဲပြုပြီး ချင်းချောင်းနန်းတော်လို့ ခေါ်ဆိုကြပါတယ်။ တစ်ချို့ ကလည်း ကမ္ဘောဇရိပ်သာအဆောက်အဦးဖြစ်လို့ ကမ္ဘောဇနန်းတော်လို့ခေါ်သလို တစ်ချို့ကလည်း ကြီးကျယ်ခမ်းနားတဲ့ ကြယ်ပုံစံ နန်းတော်လို့ တင်စားကြပါ တယ်။ Lim Ching Tsong ဆိုတာ ဘယ်လိုလူမျိုးလဲ?       




တရုတ်လူမျိုးလင်ချင်းချောင်း(Lim Chin Tsong) ဟာ တရုတ်နိုင်ငံဖူဂျီအန်ပြည်နယ်ကနေ မြန်မာနိုင်ငံ ကို ပြောင်းရွှေ့အခြေ ချနေထိုင် ခဲ့သည့် တရုတ်လူမျိုးမိသားစုတစ်ခုကနေ မွေးဖွားလာတာပဲ ဖြစ်ပါတယ်။ လင်ချင်းချောင်းဟာ တရုတ်ကုန်သည် သူဌေးကြီး တစ်ဦးဖြစ် ပါတယ်။ ရေနံရောင်းဝယ်ရေးလုပ်ငန်း၊ သဘောၤလုပ်ငန်း၊ ရာဘာစိုက်ပျိုးရေး၊ စက်ရုံလုပ်ငန်း၊ ကြံစိုက်ပျိုးရေးလုပ်ငန်း၊ မီးခြစ်စက်ရုံ လုပ်ငန်းနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ သူဌေးကြီးဖြစ်ပါတယ်။ သူဟာ စိန်ပေါကျောင်းထွက်တစ်ယောက် ဖြစ်ပြီး၊ ရန်ကုန်ကော လိပ်ကျောင်းထွက် ပညာတတ်တစ်ဦးလည်းဖြစ်ပါတယ်။ လင်ချင်းချောင်းဟာ ၁၉၂၃ခုနှစ်၊ သက်တော်(၅၆)နှစ်မှာ ထောင်တွင်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။




အဆောက်အဦးဟာ နေ့ခင်းပိုင်းမှာ လှပနေပေမယ့် ညပိုင်းမှာတော့ ခြောက်ခြားစရာတွေနဲ့ ပြည့်နှက် နေပါတယ်။ အပြင်ပန်းကြည့် လိုက်ရင်တော့ ခန့်ညားနေပေမယ့် အထဲကိုဝင်လိုက်ရင်တော့ ကြက်သီးမွှေးညှင်း ထဖွယ်ကောင်းတဲ့ အမည်းရောင်လိုက် ကာစတွေချ ထားတဲ့ ဂမ္ဘီရဆန်ဆန်အိမ်ကြီးတစ်လုံးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြေညီထပ်ပတ်ပတ်လည်မှာ အခန်းပေါင်း(၁၂)ခန်းရှိပါတယ်။ ပစ်ရမစ်ပုံစံလို အပေါ်ဘက်ကို ရှူးဝင်သွားတဲ့ပုံစံအဆောက်အဦးဖြစ်လို့ အပေါ်ထပ်တွေမှာတော့ အခန်း(၈)ခန်း၊ (၆)ခန်း၊ (၃)ခန်း စသဖြင့် အခန်းတွေ နည်းပါးသွားပါတယ်။ ဒီအဆောက်အဦးဟာ ဘယ်မှာရှိတာလဲ?




အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းမှတ်တိုင်နားမှာ တည်ရှိတဲ့ ကိုလိုနီခေတ်ရဲ့ ရှားပါးတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက် ထားတဲ့ (၅)ထပ်မြင့်တဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ မြေညီကနေ အပေါ်ထိပ်ဆုံးထိ အမြင့်ပေ (၁၂၀)ရှိတဲ့ ဒီအဆောက်အဦးကို (၂၀၀၀) ခုနှစ် နောက်ပိုင်းမှာ ပြန်လည် ဆေးသုတ်ပြင်ဆင်ပြီး လက်ရှိအချိန်မှာ အနုပညာအထက်တန်းကျောင်းကို ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ပန်းချီ၊ ပန်းပု၊ ပန်တျာ၊  စတဲ့ အနုပညာ ဘာသာရပ်ကိုသင်ကြားပေးနေတဲ့  တိတ်ဆိတ်နေတဲ့ နန်းတော်ဝင်းကြီး အတွင်းမှာ အနုပညာကို ချစ်မြတ်နိုးကြတဲ့ လူငယ်ကျောင်းသားကျောင်းသူလေးတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ချင်းချောင်းနန်းတော်ပေါ်က ဈေးကွက်အနေအထားဘယ်လိုရှိလဲ?




ချင်းချောင်းနန်းတော်ရဲ့ မြေညီထပ်မှာ ပန်းချီပြခန်းတွေ လုပ်လေ့ရှိပါတယ်။ ချင်းချောင်းနန်းတော်မှာ ပြုလုပ်နေတဲ့ ပန်းချီပြခန်းတွေ ဟာဆိုရင် အခကြေးငွေပေးပြီးလုပ်ရတဲ့ပွဲမျိုးမဟုတ်ပါဘူး။ “ ပန်းချီပြခန်းတွေ ပေးလုပ်တယ်။ နိုင်ငံတော်အတွက်ပြခန်းကြေးနဲ့ မီတာခပဲပေးရပါတယ်။ ကျွန်တော်တို့ ဈေးနှုန်းကို စီးပွားရေး ဆန်ဆန်မလုပ်ပါဘူး။ ရှေးဟောင်းအဆောက်အဦးတစ်ခုကို ပြသချင်လို့ဒီလို ပန်းချီပြပွဲတွေကို လက်ခံပြီး ကျင်းပပေးတာဖြစ်တယ်” လို့ အနုပညာအထက်တန်းကျောင်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သူ ဦးကျော်မင်းထွန်းကပြောပြပါတယ်။




ချင်းချောင်းနန်းတော်ကို ၁၉၁၅ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၁၉ ခုနှစ်မှာ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။ ဒါကြောင့် ချင်းချောင်း နန်းတော် နှစ်(၁၀၀)ပြည့်မပြည့်ဆိုသည်မှာ စတင်တည်ဆောက်မှု ခုနှစ်အရဆိုရင် ၂၀၁၅ ခုနှစ်မှာ နှစ်(၁၀၀)ပြည့်သွားခဲ့ပေမယ့်၊ တည်ဆောက်မှုပြီးစီးတဲ့ခုနှစ်အရဆိုရင် (၂၀၁၉) ခုနှစ်မှာ နှစ်(၁၀၀)ပြည့်မှာပဲဖြစ်ပါတယ်။




၂၀၁၄ ခုနှစ်က ချင်းချောင်းနန်းတော်မှာ ယဉ်ကျေးမှုှဗဟိုဌာနဖွင့်ဖို့စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ မဖွင့်ရသေးသလို ဖွင့်ဖို့လည်း အစီအစဉ် မရှိသေးပါဘူးလို့ အနုပညာအထက်တန်းကျောင်းက ပြောပါတယ်။ ချင်းချောင်း(ခေါ်)ကမ္ဘောဇနန်းတော်ကို (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းမှာ အစိုးရလုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ပြီး ဆေးသုတ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ အထပ်(၃)ထပ်အထိကိုသာ တက်ခွင့်ပေး ထားပြီး၊ ကျန်(၂)ထပ်မှာတော့ ဆွေးမြေ့နေတာမို့ တက်ရောက်ခွင့်တားမြစ်ထားပါတယ်။




သမိုင်းဝင်အဆောက်အဦးမှာ အလုပ်လုပ်ရတာ ပျော်တယ်ဆိုတဲ့ ဦးကျော်မင်းထွန်းတစ်ယောက် ချင်းချောင်းနန်းတော် နှစ်(၁၀၀)ပြည့်မယ့် အချိန်ကို စောင့်မျှော်နေပါတယ်။ “ ချင်းချောင်းထဲမှာက အခန်းတွေ အများကြီးရှိတယ်။ ဒီအခန်းတွေကို စားသောက်ဆိုင်၊ အထည်ဆိုင်နဲ့ စတိုးဆိုင်တွေမဟုတ်တဲ့ ယွန်းထည်နဲ့ ပတ်သက်တဲ့ ပစ္စည်းမျိုးတွေ၊ ပန်းချီပြခန်းတွေ၊ ရှေးဟောင်းပစ္စည်းဆိုင်မျိုးတွေဖွင့်ချင်တယ်။ ဒါကတော့ နှစ်(၁၀၀)ပြည့်လို့ တရားဝင်ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်ရင် ကျွန်တော်လုပ်ချင်တဲ့ ဆန္ဒပဲ။ လုပ်ဖို့လည်း စီစဉ်သွား ပါမယ်” လို့ ဦးကျော်မင်းထွန်းက သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။




လက်ရှိအချိန်မှာ ချင်းချောင်းနန်းတော်ကိုယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းထားပြီး၊ လေ့ကျင့်ရေးနဲ့ သုတေသနဌာနခွဲ၊ အနုပညာဦးစီး ဌာနက အနုပညာအထက်တန်းကျောင်းကို ဖွင့်လှစ်ထားပါတယ်။ နိုင်ငံခြား သားတွေအနေနဲ့ ဒီအဆောက်အဦးကို လာရောက်လည်ပတ် ချင်တယ်ဆိုရင် ခရီးသွားကုမ္ပဏီအနေနဲ့ ခွင့်ပြုချက် စာတင်ပြီး လာရောက်လေ့လာနိုင်ပါတယ်။




ရှားပါးတဲ့ ကိုလိုနီခေတ်ဗိသုကာ လက်ရာအဆောက်အဦးတစ်ခုရဲ့ နှစ်(၁၀၀)ပြည့်ပြီးတဲ့နောက် တရားဝင် ရှေးဟောင်းအဆောက် အဦးတစ်ခုဖြစ်လာပြီဆိုရင် ဦးကျော်မင်းထွန်းရဲ့ ရှေးဟောင်းချင်းချောင်း ဈေးကွက် တကယ်လုပ်ခွင့်ရမှာလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

 

Written By : Wut Yee Htun (Shweporperty.com)

Posted By : Wai Phyoe (Shweporperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ