Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

အအေးမိဖျားနာတာကို သက်သာပျောက်ကင်းစေတဲ့ အိမ်တွင်းဆေးဝါးများ

Updated 17th Aug 2017

Written by

Yangon Lifer, Shweproperty

 

မိုးရာသီမှာ နှာစေး၊ ချောင်းဆိုးဖြစ်ပြီး အအေးမိဖျားနာခံစားရတတ်ပါတယ်။ အအေးမိပြီဆိုရင် ခေါင်းကိုက်၊ နှာရည်ယို၊ ချောင်းဆိုး၊ အဖျားကြီးပြီး တစ်ကိုယ်လုံးအနှံ့ ယားယံလာတတ်ပါတယ်။ သေချာမကုရင် အဖျားရက်ရှည်ကြာလာတာနဲ့အမျှ အဆုတ်ရောင်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။ ဒီတစ်ပတ် ရာသီဥတုအပြောင်းအလဲမှာ ဖြစ်လေ့ရှိတဲ့ အအေးမိဖျားနာခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းဖြစ်ဆေးဝါးတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

 

အိမ်တွင်းဆေးလို့ ရည်ညွှန်းလိုက်တာနဲ့ မပါမဖြစ်ပါလာတဲ့အရာက ကြက်သွန်ဖြူပါ။ ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ကြက်သွန်ဖြူဟာ အအေးမိဖျားနာရောဂါကို စွမ်းအားပြည့် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေပြီး အထူးသဖြင့် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ရောဂါပိုးမဝင်နိုင်အောင် တားဆီးပေးပါတယ်။ တုပ်ကွေးဖြစ်ပြီလို့ခံစားရရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ၂ တက်၊ ၃ တက် လောက်ကို သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်နဲ့ ငရုတ်ကောင်းမှုန့် (သို့) ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းဝက်ရောပြီး သက်သာတဲ့အထိ စားပေးပါ။ ကြက်သွန်ဖြူအစိမ်းကို ထမင်းစားတိုင်း ၂ တက်၊ ၃ တက်လောက်စားပေးမယ်ဆိုရင်လည်း အအေးမိ၊ဖျားနာ ကာကွယ်ပြီးသားဖြစ်ပါတယ်။

 

အအေးမိ တုပ်ကွေးရောဂါကို သက်သာစေတဲ့ နောက်ထပ်တစ်ခုက ဂျင်းပါ။ ချွဲ၊ သလိပ်ကို နိုင်နင်းပြီး ရောင်ရမ်းတာတွေကို သက်သာစေတာကြောင့် အိမ်တွင်းဆေးတစ်လက်အနေနဲ့ အသုံးများကြပါတယ်။ ဂျင်းကို ဒီအတိုင်း အစိမ်းစားတာဖြစ်ဖြစ်၊ ဂျင်းနဲ့စိမ်ထားတဲ့ ရေနွေးကြမ်းကို သောက်မယ်ဆိုရင် အအေးမိရောဂါ သက်သာစေပါတယ်။ အအေးမိလို့ နှာရည်ယိုတဲ့အခါ အခြောက်ခံပြီး အမှုန့်ကြိတ်ထားတဲ့ ဂျင်းမှုန့်၊ ထောပတ်၊ ထန်းလျက်ကို ဆတူရောပြီး မနက်နိုးနိုးချင်း ဘာမှမစားရသေးခင် စားပေးရင် သက်သာပါတယ်။

 

အအေးမိခြင်းကို သက်သာစေတဲ့နောက်တစ်မျိုးက ကြက်စွပ်ပြုတ်ပါ။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ နံလန်ထလူမမာတွေအတွက်လည်း အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။ ကြက်သားနဲ့ အသီးအရွက်တွေထည့်ပြုတ်ထားတဲ့ စွပ်ပြုတ်တစ်ခွက်က အိမ်မှာပဲ အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်ပါတယ်။

 

နွားနို့ကို နနွင်း၊ ဂျင်းမှုန့်ရယ်ရောပြီး သောက်ပေးမယ်ဆိုရင် ချောင်းဆိုးတာကို သက်သာစေပါတယ်။ နွားနို့ထဲမှာပါတဲ့ အာဟာရဓာတ်တွေက ချွဲ၊ သလိပ်မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ပွက်ပွက်ဆူနေတဲ့နွားနို့ထဲ နနွင်း လက်ဖက်ရည်ဇွန်းတစ်ဝက်ရယ်၊ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ရောပြီး သောက်ပေးပါ။

 

နောက်ဆုံးနည်းလမ်းက ငရုတ်ကောင်းမှုန့်ကို အအေးမိဖျားနာရောဂါသက်သာအောင် အသုံးပြုကြပါတယ်။ လည်ချောင်းထဲက ချွဲ၊ သလိပ်တွေကို ရှင်းထုတ်ပေးလို့ အသက်ရှူကြပ်ခြင်းကို သက်သာစေတဲ့အပြင် အအေးမိပြီး နှာရည်ယိုရင်လည်း စားမယ့်အစာထဲ ငရုတ်ကောင်းမှုန့် ဖြူးစားမယ်ဆိုရင် ပျောက်ကင်းစေပါတယ်။ တကယ်လို့ ငရုတ်ကောင်းကို စားလို့မရဘူးဆိုရင် ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ရှူပေးရင်လည်း အအေးမိဖျားနာ ပျောက်ကင်းနိုင်ပါတယ်။

 

Ref & Photo Credit : Yangon Life

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ