Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

Updated 25th Apr 2016

Written by

စံတော်ချိန်, Shweproperty

နွေဦးရာသီအစ၌ပင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် နေ့အပူချိန်များ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိသည်။ နေ့အပူချိန်များမြင့် တက်လာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း  မြင့်တက်လျက်ရှိသည်။ လက်ရှိမြန်မာနိုင်ငံ၏ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာ အန္တရာယ်ရှိသော လွန်ကဲအဆင့်သို့ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း မိုးလေဝသပညာရှင်များ၏   လေ့လာတွေ့ ရှိချက်များအရ သိရသည်။ ထို့အတူ ယခုနှစ်မှာလည်း တစ်မူထူးခြား၍ အယ်လ်နီညိုရာ သီဥတုနှစ်နှင့် ကြုံတွေ့ခံစားနေရသဖြင့် ပိုမိုပူပြင်းသော ရာသီဥတုကို လက်ရှိတွင် ခံစားနေကြရသည်။ ရာသီဥတုနှစ်မျိုး၏ ရိုက်ခတ်မှုကို ခံစားနေရသော ယခုနှစ်နွေရာသီတွင် ရာသီဥတုနှစ်နှင့်လျော်ညီစွာ   နေထိုင်ဝတ်ဆင်သွားလာသင့်သည် အချက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြိုတင်ကာကွယ်သတိ ပေးချက်များနှင့် ကျန်းမာရေးပညာရှင်များ၊   နိုင်ငံတကာကျန်းမာရေးဌာနများ၏ အကြံပြုချက်များကို စုစည်းကာ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။



ရေသောက်သုံးခြင်း



လူ့ခန္ဓာကိုယ်တွင် ရေဓာတ်ပမာဏ ၆၀ ရာခိုင်နှုန်းရှိပြီး သွေးတွင်းရေဓာတ်ပမာဏ ၁၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အပူချိန်မြင့်တက် ချိန်များတွင် လူသားတစ်ဦး၏ ချွေးထွက်နှုန်းမှာ ရေသန့် ဘူးသုံးလီတာအထိရှိကြောင်း သိရသည်။ ယင်းနှုန်းမှာ   သွေးထဲတွင်ရှိသော   ရေပမာဏနှုန်းနှင့်ညီမျှ သည့်အတွက် အန္တရာယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် ပူပြင်းသော ယခုလိုနွေရာသီတွင် ရေများ များသောက် သုံးပေးခြင်းဖြင့်  ရေဓာတ်ဆုံးရှုံးခြင်းမှ ကာကွယ်ကြရန်လိုအပ်ပါသည်။ ကလေးငယ်များမှာ ရေဓာတ်ခန်းခြောက်မှု ပိုမိုမြန်ဆန်သည့်အတွက် ကလေးငယ်များကို ရေပိုမိုတိုက်သင့်သည်။



ဓာတ်ဆားရည်သောက်သုံးခြင်း (ဆားဓာတ်ပါသော အရည်များ)



ကျွမ်းကျင်သော ဆရာဝန်များ၏ ညွှန်ကြားချက်မရှိဘဲ ဓာတ်ဆားရည်သောက်သုံးခြင်း မပြုလုပ်သင့်။ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ   သောက်သုံးသင့်သည်ဟု နိုင်ငံတကာ အပူလှိုင်းအန္တရာယ်ထုတ်ပြန် ချက်များတွင် ရေးသားထားသည်။



အဝတ်အထည်



ယခုလိုပူပြင်းသော နွေရာသီတွင် အသားအရေ အေးမြစေသော ချည်သားဖြင့်ချုပ်လုပ်ထားသည့် အကျႌ၊ ဘောင်းဘီနှင့် ပုဆိုးများကိုသာ ဝတ်ဆင်သင့်သည်။ မဖြစ်မနေနေပူထဲ ထွက်ရမည်ဆိုပါက အပူဒဏ်ကို အပြည့်အဝကာကွယ်ပေးစေနိုင်သော လက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်၍ အပြင်ထွက်သင့်သည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ခြင်ကိုက်မခံရအောင်နှင့် အပူဒဏ်မှ သက်သာစေရန်ပါးလွှာ၍ ပေါ့ပါးသော အဝတ်အထည်များကို ရွေးချယ်၍ဝတ်ဆင်ပေးသင့် ပါသည်။ အရောင်ပြန်စေသော အဝတ်အထည်နှင့် မှိုင်းသောအရောင်မျိုး (ဥပမာ-အနက်ရောင်၊ အညို ရောင်၊ ဖဲသား) ပါသောအဝတ်အထည်များ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်သည်။ အပူဒဏ်ကို သက် သာစေသော အရောင်နုသည့် အဝတ်အစားများကို ဝတ်ဆင်ပေးသင့်ပါသည်။



အဲယားကွန်း



ပူပြင်းသောနွေရာသီတွင် လေအေးပေးစက် တပ်ဆင်ထားသော အခန်းထဲတွင် အချိန်ကြာကြာနေထိုင် ပေးသင့်သည်ဟု ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် အကြံပြု ရေးသားထားသည်။



ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော ခရမ်



 မြန်မာနိုင်ငံ၏ ခရမ်းလွန်ရောင်ခြည်အဆင့်မှာ လွန်ကဲအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ရောင်ခြည်မသင့်ရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးစေနိုင် သည့် အသားအလှခရင်မ်များကို လိမ်းကျံပြီးမှသာ အပြင်ထွက်သင့်သည်။ နေလောင်ဒဏ်ကာကွယ် သည့် အသားအလှဆီများကို နေပူထဲသို့မထွက်မီ မိနစ် ၂၀ အလိုတွင် လိမ်းကျံပေးပါ။ နေပူထဲရောက် ရှိနေခြင်း၊ နေပူမှပြန်လာခြင်းဖြစ်စေ နှစ်နာရီခြား တစ်ခါလိမ်းပေးခြင်းဖြင့် နေလောင်ဒဏ်မှ ကာကွယ် သင့်ပါသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေက လွန်ကဲအဆင့်မှာပြနေတဲ့အတွက် နေလောင် ဒဏ်ကိုကြာရှည်ခံစားရပါက အရေပြားပေါ်မှာ ဖြစ်တတ်သောရောဂါနှင့် အရေပြားကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ယခုလိုပူပြင်းသည့်နွေရာသီတွင် နေလောင်ဒဏ်ကာကွယ် ဆေးများ အသုံးပြုသင့်ပေသည်။



အထူးသတိထားရှောင်ကြဉ်သင့်သည့် ကိစ္စရပ်များ



အပူချိန်မြင့်သည့် အချိန်များတွင် အရက်သောက်သုံးခြင်းကြောင့် လေဖြတ်နိုင်သည်။ ထို့ကြောင့် နေ့အ ပူချိန်မြင့်တက်သည့် အချိန်များတွင် အရက်သေစာ သောက်သုံးခြင်းများကို မပြုလုပ်သင့်ပါ။



အပူချိန်မြင့်သည့်အချိန်များတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို ကားထဲတွင် မထားခဲ့ သင့်။ အင်ဂျင်အပူရှိန်ကြောင့် ဒက်ရှ်ဘုတ်နှင့် ထိုင်ခုံများမှထွက်သောအပူမှာ ၁၈၀ ဒီဂရီဖာရင်ဟိုက်နှင့် ၂၀၀ ဒီဂရီဖာရင်ဟိုက်အထိရှိသည့်အတွက် လူသေဆုံးသည်အထိ ဖြစ်လာနိုင်သည်။



ယခုလိုရာသီတွင် သက်ကြီးရွယ်အိုရှိသည့် အိမ်များကို အိမ်နီးချင်းများအနေဖြင့် လေ့လာစောင့်ကြည့် သင့်သည်ဟု နိုင်ငံတကာအပူလှိုင်း အန္တရာယ်ထုတ်ပြန်ချက်များတွင် အကြံပြုထားသည်ကို တွေ့ရ သည်။



အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်



နွေရာသီနှင့် ရာသီဥတုပူပြင်းသော အချိန်ကာလများတွင် အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာ ကိုယ်အတွင်းရှိ ရေဓာတ်နှင့်ဆားဓာတ်များ ဆုံးရှုံးတတ်ပါသည်။ ထိုသို့ဆုံးရှုံးမှုကြောင့် မိတ်၊ ယားနဖု များ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက် ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်ပေါ်နိုင်ပါသည်။ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရန် ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များကို ထပ်ဆင့်ဖော်ပြ လိုက်ရပါသည်-



(၁)     နံနက် ၁၀ မှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်စသည့်နေရာ တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင် နေထိုင်ရန်။



(၂)     နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ရန်။



(၃)     နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်။



(၄)     အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်း ထန်စွာ ခံစားရခြင်းကြောင့် အရက်သေစာသောက်စားခြင်းကို အထူးရှောင်ကြဉ်သင့်ပါသည်။



(၅)     နေခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသင့်ပါသည်။



(၆)     အလင်းရောင်ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့၊ အဝတ်အထည်များကို ဝတ်ဆင်သင့်ပါသည်။



(၇)     ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်သင့်ပါသည်။



(၈)     ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိရေနှင့်ဆားဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ် ဆားရည်သောက်ပေးရန် လိုအပ်ပါသည်။



(၉)     ကိုယ်အပူချိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပေးသင့်သည်။



(၁၀)   ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ် အိုများအနေဖြင့် နေ့လယ်နေ့လင်းတွင် အရိပ်ရ၍လေဝင်လေထွက်ကောင်းသော နေရာမျိုးတွင် နေထိုင်သင့်ပါသည်။



(၁၁)   မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။



(၁၂)   အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း သတိလစ်ခြင်းနှင့် အတက် ရောဂါဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသသင့်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထား သည်။



 Ref :  စံတော်ချိန်သတင်းစာ

Photo Crdit : maukkha

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ