မိုးရာသီမှာ ကိုယ်တစ်ဦးတည်းကိုသာ ကျန်းမာနေအောင် ထိန်းသိမ်းဖို့လိုတာ မဟုတ်ပါဘူး။ သင့်အိမ်အတွက်လည်း လိုအပ်ပါတယ်။ မိုးရာသီအတွင်း ရေစိမ့်ထွက်တာတွေ၊ အပြင်ကပြန်လာရင် ရွှံ့တွေပါလာတာတွေ၊ နံရံ စိုထိုင်းထိုင်းဖြစ်နေတာတွေက သက်သောင့်သက်သာမရှိစေတာကြောင့် သတိထားဖို့ လိုပါတယ်။ မိုးရာသီဆိုရင် အိမ်ထဲမှာပဲ အနေများကြတာကြောင့် အိမ်ကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့ အချက်တွေကို ဖော်ပြသွားမှာပါ။

၁။ အိမ်ခေါင်မိုးနဲ့ မျက်နှာကြက်တွေကို စစ်ဆေးပါ။

မိုးတွင်းမှာ အိမ်အတွင်း ရေစိမ့်တာတွေ မဖြစ်စေဖို့ အိမ်ခေါင်မိုးနဲ့ မျက်နှာကြက်တွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ခေါင်မိုးပေါက်နေတာ၊ ကြွေပြားတွေကျိုးပဲ့နေတာမျိုးတွေ မဖြစ်စေဖို့ သတိထားပေးဖို့လိုပါတယ်။ ကြွေပြားတစ်ခုနဲ့တစ်ခုအစပ်ကြားမှာ ရေစိမ့်ဝင်မှုနည်းစေတဲ့ သုတ်ဆေးတွေသုတ်ပေးထားရင်လည်း စိတ်ချရပါတယ်။ မိုးရာသီအတွင်း သင့်အိမ်ရဲ့ ခေါင်မိုးမှ ရေယိုနေပြီ၊ ရေစိမ့်နေပြီဆိုရင် ချက်ချင်းပြင်ဖို့ အကြံပေးချင်ပါတယ်။ ဒီအတိုင်းထားထားမယ်ဆိုရင်တော့ ခေါင်မိုးနဲ့ နံရံတွေဟာ အရောင်တွေပြောင်းသွားနိုင်ပြီး မှိုတက်လာနိုင်ပါတယ်။

၂။ အိမ်နံရံ မှိုတက်နေလား၊ စိုထိုင်းနေလား စစ်ဆေးပေးပါ။

အိမ်နံရံတွေဟာလည်း မိုးရာသီမှာ နံရံကဆေးတွေ အလိတ်လိုက်ကွာတာ၊ မှိုတက်တာတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒါကဘာကြောင့်လဲဆိုတော့ မိုးရေဟာ နံရံတွင်းမှ စိမ့်ဝင်နေတာကြောင့် ဖြစ်ပါတယ်။

၃။ လျှပ်စစ်နဲ့ လျှပ်စစ် ပစ္စည်းတွေကို စစ်ဆေးပါ။

မိုးရာသီအတွင်း စိုထိုင်းမှုဟာ လျှပ်စစ် ပလက်ခုံတွေ ကွာတတ်၊ ကွဲတတ်ပါတယ်။ ဒါကြောင့်လျှပ်စစ်ကြိုးတွေကို ပလက်ခုံမှာ သေသေချာချာ ရစ်ပတ်ထားလား၊ သပ်သပ်ရပ်ရပ်လုပ်ထားရဲ့လားဆိုတာ သေချာစစ်ဆေးဖို့ လိုပါတယ်။ ပျက်စီးနေတာမျိုးတွေတွေ့ရင်တော့ အမြန်ဆုံးပြင်ဖို့နဲ့ အသစ်အစားထိုးလဲလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်စေချင်ပါတယ်။ အပျက်အဆီးနည်းစေချင်ရင်တော့ လျှပ်စစ်ပစ္စည်းတွေကို စိုထိုင်းတတ်တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ အဲ့လိုလုပ်ပေးတာကလည်း လျှပ်စစ်နဲ့ပတ်သက်ပြီး မီးလောင်တာကို နည်းပါးစေပါတယ်။

၄။ သစ်သားပရိဘောဂတွေကို ဂရုတစိုက်ထိန်းသိမ်းပါ။

ပရိဘောဂပစ္စည်းများ အထူးသဖြင့် သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ရေနဲ့ထိတွေ့တဲ့အခါ ပျက်စီးလွယ်တာကြောင့် ဂရုတစိုက်ထိန်းသိမ်းပေးဖို့ လိုပါတယ်။ အဲ့လိုပစ္စည်းတွေကို မိုးရေတွေစင်စေနိုင်တဲ့ ပြတင်းပေါက်တို့လို တံခါးတို့လိုနေရာမျိုးမှာ မထားသင့်ပါဘူး။ သင့်အိမ်ဟာ သစ်သားကြမ်းခင်းဖြစ်နေမယ်ဆိုရင် ကြမ်းခင်းကို ခြောက်သွေ့အောင်ထားပါ။ သစ်သားတွေဟာ ရေစိုနေပြီး ဒီလိုအစိုအတိုင်းထားလိုက်တဲ့အခါ ဆွေးပြီး ကျိုးလွယ်တာကြောင့် ခြောက်သွေ့အောင် ထားပေးပါ။

၅။ အိမ်ထဲမဝင်ခင် အရင်သန့်ရှင်းအောင် လုပ်ပါ။

အိမ်ထဲမဝင်ခင် သင့်ရဲ့ ခြေထောက်တွေကို အရင်ဆေးပါ။ ခုနောက်ပိုင်းများသောအားဖြင့် အိမ်ရဲ့ အရှေ့ဘက်မှာ ရေဘုံဘိုင်ခေါင်းထားရှိတတ်ကြပါတယ်။ အကယ်၍ သင့်အိမ်မှာ မရှိဘူးဆိုရင်တော့ အရှေ့မှာ ခြေထောက်သုတ်ပြီး ရေချိုးခန်းထဲမှာလည်း သွားဆေးလို့ရပါတယ်။ အဲ့နည်းလမ်းကလည်း သင့်အိမ်ကို သန့်ရှင်းစေပါတယ်။

၆။ အိမ်တွင်းစီး ဖိနပ်များ အသုံးပြုပါ။

မိုးရာသီမှာ အိမ်တွင်းသန့်ရှင်းစေဖို့ အချက်အလက်တွေကို တခါတလေ မေ့နေတတ်ကြပါတယ်။ အိမ်အတွင်းလှည့်ပတ်သွားလာတဲ့အခါမှာ ကြမ်းပြင်သန့်ရှင်းနေစေဖို့အတွက် အိမ်တွင်းစီးဖိနပ်တွေကို အသုံးပြုပေးပါ။ ရေစုပ်လွယ်၊ သန့်ရှင်းရလွယ်ကူတဲ့ ဖိနပ်မျိုးကို ရွေးချယ်အသုံးပြုပေးစေချင်ပါတယ်။ အပြင်က အညစ်အကြေးတွေဝင်လာနိုင်တာကြောင့် အိမ်တွင်းစီးဖိနပ်တွေကို အပြင်မှာ မစီးပဲ အိမ်ထဲမှာပဲ စီးပေးပါ။




၇။ အစိုဓာတ်ရှိတဲ့ ပစ္စည်းတွေအတွက် ချိတ်ဆွဲဖို့ နေရာစီစဉ်ပါ။

မိုးရာသီမှာ အစိုဓာတ်ရှိတဲ့ ပစ္စည်းတွေကို လက်လွတ်စပယ်ပစ်ထားတာက မကောင်းပါဘူး။ အဲ့ဒီအစား အိမ်ရဲ့ အရှေ့ဘက်မှာ အစိုဓာတ်ရှိတဲ့ ပစ္စည်းတွေကို ထည့်ဖို့။ ထားဖို့ စင်လေးလုပ်ပေးထားလိုက်ပါ။ ကြမ်းခင်းတွေ ညစ်ပတ်မသွားစေဖို့ ထီးနဲ့ မိုးကာအင်္ကျီတွေကို စင်မှာချိတ်ထားနိုင်ပါတယ်။

၈။ ကောဇောအသုံးပြုရင် ဂရုစိုက်ပေးပါ။

မိုးတွင်းမှာ ကောဇောအသုံးပြုပေးတာက သင့်ကို သက်သောင့်သက်သာဖြစ်စေတယ်၊ နွေးထွေးစေပါတယ်။ သို့ပေမယ့် သန့်သန့်ရှင်းရှင်းမထားဘူးဆိုရင်တော့ ပိုးမွှားတွေ၊ အညစ်အပတ်တွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်သွားနိုင်တာကြောင့်လည်း အန္တရာယ်ရှိပါတယ်။ မိုးတွင်းမှာ ကောဇောတွေဟာ အစိုပြန်လွယ်ပြီး အနံ့ဆိုး ပိုထွက်တတ်ပါတယ်။ တကယ်ဆိုရင် အိမ်ကြမ်းခင်း သန့်ရှင်းရလွယ်အောင် ကောဇောကို တိုက်ရိုက်ခင်းပြီး အသုံးမပြုတာကောင်းပါတယ်။ ကောဇောကို လှပ်တာတို့ ပြုလုပ်ချင်သေးတယ်ဆိုရင်တော့ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ သတိထားဖို့လိုသလို လျှော်တဲ့အခါမှာလည်း အကြမ်းအရမ်းကြီး မလျှော်သင့်ပါဘူး။

၉။ ကြမ်းခင်းသန့်ရှင်းတဲ့အခါမှာ ပိုးသတ်ဆေး အသုံးပြုပေးပါ။

အစိုဓာတ်ရှိတဲ့ အခန်းက ပိုးမွှားတွေပေါက်ဖွားဖို့ အကြိုက်တွေ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အိမ်ကို ပိုးမွှားတွေ အများကြီးရှိတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ကြည့်ဖူးပါသလား။ အဲ့ဒါက တကယ်တော့ ရောဂါတွေရဲ့ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် မိုးတွင်း အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ပိုးသတ်ဆေး အသုံးပြုပေးပါ။ ပိုးမွှားတွေသေစေနိုင်တဲ့ ဓာတုဆေးတစ်မျိုးဖြစ်တာကြောင့် သင့်အိမ်မှာ ပိုးမွှားကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေ ကင်းစင်သွားမှာပါ။

၁၀။ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။

ဒီအချက်ဟာ အရေးကြီးသလောက် လစ်လျူရှုထားခြင်း ခံရတာများပါတယ်။ မိုးတွင်းမှာ သင့်အိမ် လေအဝင်အထွက်ကောင်း၊မကောင်း သတိပြုပေးပါ။ လေအဝင်အထွက်စနစ်ဟာ တံခါးတစ်ချပ်လိုပါပဲ၊ သင့်ရဲ့ အခန်းကို စိုထိုင်းမနေစေဖို့ သန့်ရှင်းလတ်ဆက်တဲ့ လေတွေ ဝင်ထွက်စေဖို့ပဲဖြစ်ပါတယ်။ မိုးပြင်းထန်ရင်တော့ သင့်တံခါးကို ခဏတဖြုတ် ပိတ်ထားနိုင်ပြီး မိုးတိတ်သွားရင်တော့ အထဲကလေတွေ အလဲအလှယ်လုပ်ဖို့အတွက် တံခါးကို ပြန်ဖွင့်ထားပေးပါ။

၁၁။ အပင်တွေကို တိပေးပါ။

နောက်ဆုံးအချက်ကလည်း အရေးကြီးပါတယ်။ မိုးရာသီအတွင်းမှာ သစ်ပင်တွေဟာ ကြီးထွားနှုန်းမြန်ပါတယ်။ အစိမ်းရောင် ကြွယ်ဝတဲ့ အပင်တွေက ခြင်နဲ့ အင်းဆက်ပိုးမွှားတွေအတွက် သဘောကျနှစ်ခြိုက်တဲ့နေရာတစ်ခု ဖြစ်လာတတ်ပါတယ်။ ခြင်အကြိုက်တွေ့စေတဲ့ နေရာမဖြစ်အောင် အပင်တွေကို တိပေးဖို့ လိုပါတယ်။
ဒီလိုဆိုရင် သင့်အိမ်ဟာ ပိုလို့ သက်သောင့်သက်သာရှိစေပြီး လှပမှာ သေချာပါတယ်။ အိမ်ကို ပုံမှန်သန့်ရှင်းပေးဖို့လည်း လိုပါတယ်။ ညစ်ပတ်လာတဲ့အထိအောင် စောင့်မနေပါနဲ့ အမြဲတမ်း သန့်ရှင်းပေးနေပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

လျှပ်စစ်မီး အခက်အခဲဖြစ်နေချိန် SOLAR ဝယ်သုံးမယ်ဆိုရင် တွက်ချက်ပုံ

လျှပ်စစ်မီးချွေတာဖို့ နည်းလမ်းများ

နေအိမ်အတွင်း စီးပွားလာဘ်လာဘ ပွင့်လန်းစေရန် ဒါလေးတွေ ဆောင်ရွက်ပေးပါ

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ


Credit By : homedecor
Posted By : Chan Myae (ShweProperty.com)